၂၀၁၅ နောက်ပိုင်း အခြေခံ ဥပဒေပြင်ရေး နည်းလမ်း မှန်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ပြော

ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲပြီးမှသာ ပြင်ဆင်နိုင်မယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ပြောကြားတာဟာ လုပ်ထုံးလုပ်နည်းအရ မှန်ကန်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြား လိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲပြီးမှသာ ပြင်ဆင်နိုင်မယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ပြောကြားတာဟာ လုပ်ထုံးလုပ်နည်းအရ မှန်ကန်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

နေပြည်တော် လွှတ်တော်မှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့တာပါ။

"အခုကိစ္စက ဒီလိုပဲသွားရမှာပဲလေ၊ ဘာဖြစ်လို့လဲဆိုတော့ ဆိုပါတော့ ၄၃၆ ကိုပြုပြင်ပြောင်းလဲဖို့ ဆိုပါတော့ ဆုံးဖြတ်ပြီဆိုပါတော့ ၄၃၆ ပြုပြင်ပြောင်လဲမှှု ဆုံဖြတ်ပြီးမှသာလျှင် တချို့ကိစ္စတွေပြောင်း လဲရမယ်၊ အဲ့ဒီတော့ အဲ့ဒီဟာတွေကျတော့ အချိန်အရရော နောက်ပြီးတော့ အခုလက်ရှိသွားနေရတဲ့ လုပ်ငန်းတွေအရရော၊ ဥပဒေအရရော ဒီလိုပဲလုပ်ရမှာပဲ၊ ဒါဥပဒေအရရော တရားဥပဒေပညာ ရှင်တွေ လေ့ကျင့်လို့ရှိရင် ပိုပြီးကောင်းတယ်၊ သူ့ ဥပဒေအရ သူသွားရမယ်လေ၊ ၅၉(စ) ကိုမပြင် ရင်လည်း ၄၃၆ ကိုပြင်ရမယ်လေ၊ အဲ့ဒီလို သူ့အဆင့်နဲ့သူ ရှိတယ်လေ၊ အဲ့ဒီတော့ သူ့ရဲ့လုပ်ငန်းစဉ်အရ ဒီလိုပဲဖြစ်ရမယ်လေ၊ ဒါမှ သဘာဝကျမှာ"

ပုဒ်မ ၄၃၆ ပြင်ဆင်ပြီးမှသာ ကျန်တဲ့ ပုဒ်မတွေကို ပြင်ဆင်နိုင်မှာဖြစ်ကြောင်း လက်ရှိသွားနေတဲ့ လုပ်ထုံး လုပ်နည်းအရ သူရဦးရွှေမန်းပြောကြားချက်အတိုင်း လုပ်ရမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို လက်ရှိဖွဲ့စည်းပုံအတိုင်းသာ ကျင်းပသွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအကြံပေး ဦးခွန်သာမြင့်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org