နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရဲ့ ကော့မှူးမဲဆန္ဒနယ်မှာ မဲပေး ခွင့်ရှိသူစာရင်းတွေ ကောက်ယူ
2016.11.02

ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ်တွေထဲက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူစာရင်းတွေ မနေ့ကစပြီး တစ်အိမ်တက်ဆင်း လိုက်လံကောက်ယူနေရာ မဲပေးခွင့်ရှိသူ တစ်သိန်းနီးပါးရှိကြောင်း ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီနေ့ ကော့မှူးမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာတွေမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့တွေ နဲ့ ကော့မှူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေ ပူးပေါင်းပြီး တစ်အိမ်တက် တစ်အိမ်ဆင်း မဲပေးခွင့်ရှိသူ စာရင်းတွေ ကောက်ယူခဲ့တာဖြစ်ပါတယ်။
ကော့မှူးမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးအောင်မြတ်က မဲပေးပိုင်ခွင့်ရှိတဲ့ လူဦးရေတိုးလာတဲ့အကြောင်း အခုလိုပြောပါတယ်။
"အခုကျတော့ နည်းနည်းပိုတက်မယ်၊ တစ်သိန်းသုံးသောင်းလောက် ခန့်မှန်းတယ်၊ ဒါစာရင်းကောက်ပြီးမှ သိမှာပေါ့"
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ်အတွင်း မဲရုံ ၁၁၅ ရုံ ထားရှိမှာ ဖြစ်ပါတယ်။
၂၀၁၇ ဧပြီလ ၁ ရက်နေ့မှာ လစ်လပ်နေရာ ၁၉ နေရာအတွက် ကြားဖြတ်ရွေးကောက်တွေ ကျင်းပဖို့ရှိနေတာဖြစ် ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အခုချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တာဝန်နဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတာကြောင့် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်နေရာဟာ လစ်လပ်နေတာဖြစ်ပါတယ်။