မဲပေးခွင့်ရှိသူစာရင်းတွေ စတင်ကောက်ယူ

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှာ လာမယ့် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲပေးခွင့်ရှိသူစာရင်းတွေကို ရပ်ကျေးကော်မရှင်တွေ နဲ့ ရပ်မိရပ်ဖတွေ ဦးဆောင်ပြီး ဒီကနေ့ အိမ်တိုင်ရာအရောက် Door to Door စနစ်နဲ့ စတင်ကောက်ယူနေပါတယ်။

၂၀၁၇ ဧပြီလမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်းကို ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ နိုဝင်ဘာလ ၁ ရက်နေ့က စတင်ကောက်ယူစဉ် Photo: Aung Thain Kha/RFA

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှာ လာမယ့် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်းတွေကို ရပ်ကျေးကော်မရှင်တွေနဲ့ ရပ်မိရပ်ဖတွေ ဦးဆောင်ပြီး ဒီကနေ့ အိမ်တိုင်ရာအရောက် Door to Door စနစ်နဲ့ စတင်ကောက်ယူနေပါတယ်။

လှိုင်မြို့နယ် ၇ ရပ်ကွက်အတွင်း နေထိုင်တဲ့ မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်ရှိသူစာရင်းမှာ ပါဝင်နိုင်ရေးနဲ့ မှန်ကန်တဲ့ မဲပေးခွင့်ရှိသူစာရင်း ရရှိဖို့အတွက် ကောက်ယူနေတာဖြစ်တယ်လို့ လှိုင်မြို့နယ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို က ပြောပါတယ်။

"ကျနော်ရပ်ကွက်မှာဆိုရင် အားလုံးပေါင်းမဲဆန္ဒရှင်က၂၀၁၅ တုန်းကစုစုပေါင်း ၁၃၀၀၀ ကျော်ရှိတယ်၊ အခု ၂၀၁၆ မှာတော့ ကျနော်ဆက်ကောက်တယ်၊ အခုမနက်ပိုင်းပြီးသွားလို့ လိုအပ်ရင် ညပိုင်းဆက်ကောက်ပါမယ်"

မဲပေးခွင့်ရှိသူစာရင်းတွေကို နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး ရက် ၃၀ ကြာ အိမ်တိုင်ရာရောက် လိုက်လံကောက်ခံ သွားမှာ ဖြစ်ပါတယ်။

ကောက်ယူရရှိတဲ့ မဲပေးခွင့်ရှိသူစာရင်းတွေကို ၂၀၁၇ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သက်ဆိုင်ရာမြို့နယ် ကော်မရှင် အဖွဲ့ခွဲ ရုံးတွေမှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

၂၀၁၇ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ်မြေ ၁၉ နေရာရှိနေ ပြီး ပြည်သူ့လွှတ်တော်အတွက် ၉ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၃ နေရာ၊ ပြည်နယ်လွှတ်တော်အတွက် ၇ နေရာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးက လစ်လပ်မဲဆန္ဒနယ်တစ်ခုဖြစ်တဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၆ မှာ ပါတဲ့ ညောင်လေးပင်၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ လသာ၊ လှိုင်၊ ဆိပ်ကမ်း၊ လမ်းမတော်နဲ့ အလုံမြို့နယ်တို့မှာ မဲပေးခွင့်ရှိသူစာရင်းတွေ လိုက်လံကောက်ခံမှာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်အတွက် ရန်ကုန်တိုင်းဒေသကြီးမှာ လှိုင်သာယာ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းနဲ့ ကော့မှူးမြို့နယ်တွေ လစ်လပ်နေတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org