ရွေးကောက်ပွဲဝင်မယ့် ပါတီငယ်တွေမှာ စိုးရိမ်စရာတွေရှိနေ
နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အလုပ်သမား၊ လယ်သမားနဲ့ အခြေခံ လူတန်းစားအလွှာတွေကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီငယ်တွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်အချို့ဟာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မျှော်လင့်ချက်တွေ အပြည့်ရှိနေပေမယ့် ကပ်ဘေးကာလ ကန့်သတ်ချက်၊ စည်းရုံးရေးအင်အားနဲ့ ငွေကြေးအင်အား စတဲ့အခက်အခဲကိုယ်စီ ရှိနေကြပါတယ်။
-
သန့်ဇင်ဦး
2020-07-15 -
-
-
နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အလုပ်သမား၊ လယ်သမားနဲ့ အခြေခံလူတန်းစားအလွှာတွေကို ကိုယ်စားပြု ပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီငယ်တွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်အချို့ဟာ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် မျှော်လင့်ချက်တွေ အပြည့်ရှိနေပေမယ့် ကပ်ဘေးကာလ ကန့်သတ်ချက်၊ စည်းရုံးရေးအင်အားနဲ့ ငွေကြေး အင်အား စတဲ့အခက်အခဲကိုယ်စီ ရှိနေကြပါတယ်။
သမဂ္ဂခေါင်းဆောင် ၁၁ ယောက်ဟာ လာမယ့်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းထဲက အလုပ်သမား လယ်သမား အများအပြား နေထိုင်တဲ့ လှိုင်သာယာ၊ ထန်းတပင်၊ ကော့မှူးမြို့နယ်တွေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေ ကြပါတယ်။
ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ယုံကြည်ချက်ထားကြသလို တစ်ဖက်မှာလည်း သူတို့ကို မဲပေးနိုင်ချေ ရှိသူတွေ မဲရုံရောက်မလာနိုင်တဲ့ အခြေအနေလိုမျိုး အခက်အခဲတွေ ရှိနေကြပါတယ်။
ရန်ကုန်မြို့က ရွှေ့ပြောင်းအလုပ်သမားတွေများတဲ့ လှိုင်သာယာမြို့နယ်မှာဆိုရင် မဲဆန္ဒရှင်တွေ အိမ်ထောင်စု စာရင်း၊ နိုင်ငံသားစိစစ်ရေးကတ် ရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ရဦးမယ်လို့ လှိုင်သာယာအရှေ့ မဲဆန္ဒနယ်မြေကနေ ဝင်ရောက်အရွေးချယ်ခံဖို့ လျှောက်ထားတော့မယ့် အလုပ်သမား၊ လယ်သမားသမဂ္ဂ ရှေ့နေ ဦးဌေးက ပြောပါတယ်။
“လှိုင်သာယာက အလုပ်သမား အများစုပဲ၊ အလုပ်သမားနဲ့ အလုပ်သမား မိသားစုတွေပေ့ါနော် နေကြတာ။ ကျွန်တော်တို့မှာ အခက်အခဲက ဘာလဲဆိုတော့ မဲစာရင်း၊ ဒီမှာနေကြပေမယ့် ကျူးကျော်တွေလည်း မဲစာရင်း မပါဖို့များတာပေါ့နော်၊ အခက်အခဲက အဲဒါ။ ပြီးတော့ အလုပ်သမား ဆိုတာကလည်း ဒီမှာအိမ်ငှားနေကြ ရတယ်၊ အဆောင်တွေမှာ နေကြတယ်၊ သူတို့ကလည်း မိသားစု မရှိဘူး အိမ်ထောင်စုစာရင်း မရှိကြဘူးဆိုတော့ မဲစာရင်းမှာမပါဘူး၊ အဲဒီအခါကျတော့ ကိုယ်အားထားတဲ့ ကိုယ်ရပ်တည်ပေးမယ့် လူအများစုက မဲစာရင်းပါဖို့ကို ကြိုးစားရဦးမယ်၊ တစ်ဖက်မှာလည်း မဲစာရင်းမှာပါတဲ့ မဲဆန္ဒရှင်တွေ ကိုယ်တိုင်ကလည်း သူတို့က အောက်ခြေ အလွှာပေါ့နော်၊ အဆင်းရဲဆုံး အလွှာတွေ လှိုင်သာယာမှာ မှတ်ပုံတင်မရှိကြဘူး၊ မှတ်ပုံတင်ရဖို့အရေး လဝကနဲ့ ပူးပေါင်းပြီးတော့ ကြိုးပမ်းကြရဦးမယ်၊ မဲပေးမယ်ဆိုတော့ မှတ်ပုံတင်မရှိလို့မှ မရတာ၊ အဲဒါကိုက ကျွန်တော် တို့အတွက် အခက်အခဲ တစ်ရပ်ပဲ၊ တစ်ဖက်မှာလည်း ကျွန်တော်တို့က သူတို့နဲ့ထိတွေ့ဖို့ကြတော့ လူစုလူ ဝေးပေါ့၊ ကိုဗစ်နိုင်တင်း ညွန်ကြားချက်တွေက ကျွန်တော်တို့အတွက် အဟန့်အတားဖြစ်နေတယ်”
မဲပေးသူအများအပြားဟာ နိုင်ငံရေးပါတီကိုယ်စားပြု အမတ်လောင်းတွေကို ပိုပြီးစိတ်ဝင်စားကြ၊ ရွေးချယ်တတ် ကြတာကြောင့် တသီးပုဂ္ဂလ အမတ်လောင်းတွေ မဲအနိုင်ရဖို့ မလွယ်ကူပါဘူး။
၂၀၁၀ ရွေးကောက်ပွဲမှာ ၆ ယောက် အနိုင်ရပြီး ၂၀၁၅ မှာတော့ ၅ ယောက်ပဲ အနိုင်ရခဲ့တာပါ။
မျှော်လင့်ချက်နည်းတဲ့ အခြေအနေရှိပေမယ့်လည်း အနိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဦးဌေးက ပြောပါတယ်။
“ရွေးကောက်ပွဲ ဝင်တယ်ဆိုကတည်းက ယုံကြည်ချက် တစ်စုံတစ်ရာ ပြင်းထန်တဲ့အတွက်၊ တစ်ဖက်က ကြည့်ရင်လည်း ဒီလိုမှမလုပ်ရင် အလုပ်သမား အခွင့်အရေး၊ လယ်သမား အခွင့်အရေးက မရတော့ဘူး၊ တည်ဆဲ အစိုးရ ဘယ်သူပဲ တက်တက်၊ အာဏာရပါတီက လွှတ်တော်မှာ ဘယ်လိုပဲ လွှမ်းလွှမ်း၊ လယ်သမား အလုပ် သမား အကျိုးနဲ့ ဘယ်လိုမှမကိုက်ညီတဲ့အတွက် ကျွန်တော်တို့က ကိုယ်စားပြုပြီးတော့ အလုပ်သမား သမဂ္ဂက အခုလို ဝင်ရွေးရတာ၊ အဲဒါကြောင့် ကျွန်တော်တို့အတွက်ကတော့ တိုက်ပွဲတစ်ပွဲဝင်တဲ့ ပုဂ္ဂိုလ်လိုပဲ အများကြီး စွန့်စားရတာဖြစ်ပါတယ်၊ ဘာကြောင့်စွန့်စားတာလဲဆို ယုံကြည်မှု အတွက်ပါ၊ ကိုယ့်အတွက်မဟုတ်ပါဘူး ပြည်သူလူထုအတွက်၊ အလုပ်သမားအတွက်၊ လယ်သမားအတွက် ဖြစ်ပါတယ်”
မြန်မာနိုင်ငံလူဦးရေ ၅၄ သန်းကျော်ထဲမှာ ရာခိုင်နှုန်း အများစုက လယ်သမား၊ အလုပ်သမားတွေပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမား မဟာမိတ်ပါတီ ဥက္ကဋ္ဌ ဦးတင်အေးကတော့ ပါတီမှတ်ပုံတင်ခွင့်ရခဲ့တာ လပိုင်းပဲရှိသေးတဲ့အတွက် ပါတီကို မဲပေးမယ့်သူတွေသိအောင် လုပ်ရဦးမယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ပါတီအနေနဲ့ မတ်လမှ ဆောင်ရွက်ခွင့် ရတယ်ခင်ဗျ၊ အဲဒီအခါကျတော့ ကျွန်တော်တို့မှာ စည်းရုံးမှုအင်အား အခက်အခဲတွေ ကြုံလာတယ်၊ အချိန်ကလည်း တိုတောင်းတယ်၊ ပြီးတော့ ဗြုန်းဒိုင်း လုပ်ရတဲ့ အခက်အခဲကြောင့် ကျွန်တော်တို့မှာ မဖြစ်မနေ ရွေးကောက်ပွဲဝင်ရမယ့် အတွက်ကြောင့် ဒါကိုပဲ ကြိုးစားဆောင်ရွက်လျှက်ရှိတယ်၊ ဒီအပြင် ကျယ်ကျယ်ပြန့်ပြန့်လည်း ဥပမာဆိုရင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း စတဲ့တိုင်းနဲ့ပြည်နယ်တွေကို ကျွန်တော်တို့ အချိန်ရရင် ဆင်းဖို့ရှိပေမယ့်လို့ အခုကတော့ လုံးဝမရတဲ့အတွက် အဲဒီအခက်အခဲတော့ ရှိတယ်ခင်ဗျ”
သူတို့ပါတီအနေနဲ့ ပဲခူး၊ သနပ်ပင်နဲ့ ရန်ကုန်ကမြို့နယ်တချို့မှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး နေရာတိုင်းနီးပါး အနိုင်ရရှိဖို့ ယုံကြည်တယ်လို့ ဦးတင်အေးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၂၈၆ ယောက်အထိ ဝင်ရောက်ယှဉ် ပြိုင်ခဲ့တဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဒီနှစ်မှာတော့ ကိုယ်စားလှယ်လောင်း ငါးဆယ်ကျော်လောက်ပဲ မြို့နယ် ၁၅ ခု ကနေ ဝင်ရောက်နိုင်တော့မှာပါ။
“အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ၂၀၁၅ ရွေးကောက်ပွဲလို သိပ်ပြီးတော့ မပြိုင်နိုင်တော့ ပါဘူး၊ မပြိုင်နိုင်တော့ဘူးဆိုတာက ပြိုင်ဖို့အရင်ကတော့ တာစူထားပါတယ်၊ ဒါပေမဲ့ ဒီကိုဗစ်ရောဂါ ကာလဟာ လေးငါးလလောက်တောင်ရှိသွားပြီ၊ အခု ပျောက်ပြီ၊ မပျောက်ပြီ ဘယ်သူကမှ အဆုံးအဖြတ် မပေးနိုင်သေးတဲ့ အချိန်မှာ စည်းရုံးရေးလည်း ကျွန်တော်တို့ ဖြောင့်ဖြောင့်မတ်မတ် မသွားနိုင်ဘူး၊ ပြီးတဲ့အခါကျတော့ လယ်သမားထုကလည်း စီးပွားရေး အကြီးအကျယ် ကျပ်တည်းသွားတယ်၊ အလုပ်သမားထုမှာလည်း စီးပွားရေး အကြီးအကျယ် ကျပ်တည်းသွားတယ်၊ အဲလိုကျပ်တည်းသွားတော့ နိုင်ငံရေးထက် လူတွေက စီးပွားရေးကိုပဲ အာရုံသန်တော့တယ်”
ဝင်ရောက်ယှဉ်ပြိုင်ဖို့ လယ်သမားအများစုရှိတဲ့ မဲဆန္ဒနယ်တွေကိုပဲ ရွေးထားတယ်လို့ ဦးကျော်စွာစိုးက ဆိုပါတယ်။
မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပါတီဝင် အင်အားငါးသန်းလောက်ရှိတယ်ဆိုပြီး ကြေညာခဲ့ပေမယ့် ရွေးကောက်ပွဲမှတော့ ၂၈၆ ယောက်စလုံး ရှုံးနိမ့်ခဲ့ပါတယ်။
ရွေးကောက်ပွဲမှာ အခြေခံလူတန်းစားတွေအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ အခြေခံလူတန်းစား ဘဝမြင့်မားရေးပါတီကလည်း အခက်အခဲတွေရှိပေမယ့် မဲအများအပြားရမယ်လို့ မျှော်လင့်နေပါတယ်။
ပါတီမှာ စည်းရုံးရေးအင်အား၊ ငွေကြေးအင်အား နည်းပါးတယ်လို့ အခြေခံလူတန်းစားဘဝ မြင့်မားရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးမိုက်ကယ်ကျော်မြင့်က ပြောပါတယ်။
“လက်ရှိအခက်အခဲ ထင်ရှားတဲ့အခက်အခဲကတော့ ကျွန်တော်တို့ မဲဆွယ်စည်းရုံးလို့ မရဘူး၊ နံပါတ်တစ် အချက်။ နံပါတ်နှစ်အချက်ကတော့ ကျွန်တော်တို့ ပါတီအင်အားသေးတဲ့အတွက် ပါတီငယ်လေး ဖြစ်တာနဲ့အညီ ပါတီကြီးတွေလို အဆင်သင့် မရှိဘူး၊ ငွေရေးကြေးရေး သုံးစွဲမှု အပိုင်းလေးတွေ ကျွန်တော်တို့မှာ အားနည်းတာ ရှိတယ်၊ နောက် လူထုအပေါ်ကို စည်းရုံးဖို့ ကျွန်တော်တို့မှာ အားနည်းတယ်၊ လက်တလော အခက်အခဲအနေနဲ့ ပြောရမယ်ဆိုရင် မဲဆွယ်စည်းရုံးခွင့် မရှိတဲ့ အရာသည် ကျွန်တော်တို့အတွက် အကြီးမားဆုံး အခက်အခဲ ဖြစ်ပါတယ်၊ ဒါပေမဲ့ ကျုပ်တို့ ယုံကြည်ပါတယ်၊ အခြေခံလူတန်းစား တစ်ရပ်လုံးကိုယ်စား ကျွန်တော်တို့ အခြေခံ လူတန်းစား ဘဝမြင့်မားရေးပါတီက ဒီအခက်အခဲတွေကို အကောင်းဆုံး ကျော်ဖြတ်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”
ပါတီဝင်အင်အား ငါးထောင်ကျော်လောက်သာရှိပေမယ့် တိုင်းဒေသ ကြီး ၇ ခုမှာ ကိုယ်စားလှယ်လောင်း ၇၀၀ ကျော်နဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဆိုပါတယ်။
မဲဆန္ဒရှင် အများအပြားဟာ တသီးပုဂ္ဂလ အမတ်လောင်းတွေ၊ ပါတီငယ်တွေကို မဲပေးမှု နည်းပါးတယ်ဆိုတာ ရွေးကောက်ပွဲ ရလဒ်တွေမှာ တွေ့ရမှာပါ။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၉၁ ပါတီက ကိုယ်စားလှယ်လောင်း ၅၇၂၈ ယောက်နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၃၁၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အမတ်လောင်း ၈၈၆ ယောက် အနိုင်ရရှိခဲ့ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က ၁၁၇ ယောက်နဲ့ ဒုတိယ၊ ရခိုင်အမျိုးသားပါတီ ANP က ၄၅ ယောက်နဲ့ တတိယအများဆုံး အနိုင်ရရှိခဲ့တာပါ။
တသီးပုဂ္ဂလ ကိုယ်စားလှယ်ကတော့ ငါးယောက်ပဲ အနိုင်ရခဲ့ပေမယ့် ပါတီအများအပြားဟာ တစ်နေရာမှ အရွေးမခံခဲ့ရပါဘူး။
လာမယ့် ရွေးကောက်ပွဲမှာတော့ ရွေးကောက်ပွဲဝင်နိုင်တဲ့ ပါတီအရေအတွက်က ၉၃ ပါတီ ရှိနေပါတယ်။
အင်အားကြီးပါတီ ကိုယ်စားပြုသူတွေနဲ့ ရင်ဘောင်တန်းပြီး အခြေခံလူတန်းစား၊ လယ်သမားနဲ့ အလုပ်သမားလူတန်းစားတွေရဲ့ မဲကိုရရှိဖို့ မျှော်လင့်နေတဲ့ ကိုယ်စားလှယ်လောင်းတွေ လွှတ်တော်ထဲ ရောက်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။