တိုင်းရင်းသားဒေသတွေမှာ ပါတီကြီးတွေ မဲရနိုင်ခြေနည်းမယ်လို့ လေ့လာသူတချို့ယူဆ
၂၀၂၀ ရွေးကောက်ပွဲမှာ အင်အားကြီး နိုင်ငံရေးပါတီတွေဖြစ်တဲ့ NLD နဲ့ USDP တို့ဟာ ပြည်နယ်တွေမှာ အရင်ရွေးကောက်ပွဲကာလတွေကလို မဲရလဒ် မရနိုင်တော့ဘဲ တိုင်းရင်းသားပါတီတွေဘက်ကို ပြည်သူတွေရဲ့ ဆန္ဒမဲတွေ လွင့်စင်သွားနိုင်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက ခန့်မှန်းကြပါတယ်။
-
ဝေမာထွန်း
2020-07-20 -
-
-
၂၀၂၀ ရွေးကောက်ပွဲမှာ အင်အားကြီး နိုင်ငံရေးပါတီတွေဖြစ်တဲ့ NLD နဲ့ USDP တို့ဟာ ပြည်နယ်တွေမှာ အရင်ရွေးကောက်ပွဲကာလတွေကလို မဲရလဒ် မရနိုင်တော့ဘဲ တိုင်းရင်းသားပါတီတွေဘက်ကို ပြည်သူတွေရဲ့ ဆန္ဒမဲတွေ လွင့်စင်သွားနိုင်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက ခန့်မှန်းကြပါတယ်။
NLD ပါတီဟာ အစိုးရ တာဝန်ယူထားတဲ့ကာလအတွင်း တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေကို မဖြည့်နိုင်ခဲ့သလို ဒေသခံတွေရဲ့ ဆန္ဒသဘောထားမရှိဘဲ လုပ်ဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ်လို၊ ဗိုလ်ချုပ်နာမည် ပေးတာလို ဖြစ်ရပ်တွေရှိခဲ့တာမို့ တိုင်းရင်းသားတွေနဲ့ သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ပြည်နယ်တွေမှာ မဲရနိုင်ချေ အရင်ကထက် နည်းပါးလာနိုင်တယ်လို့ တွက်ဆကြသလို ဒီမဲတွေဟာ USDP ဘက်ကို ကူးပြောင်းသွားနိုင်ချေလည်း နည်းလွန်းတာကြောင့် ပြည်နယ်တွေမှာ တိုင်းရင်းသား ပါတီတွေ ပိုအားကောင်းလာနိုင်တယ်လို့ နိုင်ငံရေး အသိုင်းအဝိုင်းက တွက်ဆနေကြပါတယ်။
မွန်ပြည်နယ်မှာ အစိုးရတက်လာပြီး တစ်နှစ်အတွင်း ချောင်းဆုံတံတားအမည်ပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့အတွက် မဲပေးမှုအခြေအနေတွေက ပြောင်းလဲသွားနိုင်တယ်လို့ မွန်ညီညွတ်ရေး ပါတီကနေ သံဖြူဇရပ်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ထွန်းမြင့်ကျော် က သုံးသပ်ပါတယ်။
“ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း ကတော့ မသိဘူးပေါ့နော်။ မွန်ပြည်နယ်မှာက ကောင်းကောင်းလေး တွေ့ကြုံလိုက်ရတဲ့အခါကျတော့ အထူးသဖြင့် NLD အစိုးရ တက်လာပြီး တစ်နှစ်မပြည့်ခင်မှာပဲ တံတားကိစ္ စတွေလိုက်ရတော့ ဒါအားကိုးစရာပါတီမဟုတ်ဘူးဆိုတာ ကောင်းကောင်းသိသွားတယ်။ အဲကြားထဲမှာမှ မွန်ပါတီလည်း ပေါင်းစည်းလိုက်တဲ့အခါကျတော့ မဲပေးပုံက အတော်လေးပြောင်းလဲသွားမယ်ပေါ့”
တိုင်းရင်းသားဒေသတွေမှာ အရင်ကရရှိခဲ့တဲ့ မဲအရေအတွက်လောက် ၂၀၂၀ မှာ ပြန်ရဖို့ ဒါမှမဟုတ် အဲဒီအရေ အတွက်ထက် ကျော်လွန်ရရှိနိုင်မယ့် အနေအထားရှိမလားလို့ အင်အားကြီး ပါတီတွေဖြစ်တဲ့ NLD နဲ့ USDP ကို မေးကြည့်ရာမှာတော့ အတိအကျပြောလို့ မရနိုင်သေးကြောင်းသာ တုံ့ပြန်ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာ အောင်ရှင်က တိုင်းရင်းသားပါတီတွေ အချင်းချင်း ပူးပေါင်းလိုက်တာတွေရှိသလို ရခိုင်ပြည်နယ်မှာလည်း အကြိတ်အနယ် ယှဉ်ပြိုင်ရမယ်လို့ တွက်ဆထား ပါတယ်။
“တချို့ကချင်ဆိုလို့ရှိရင် ပါတီ သုံးပါတီ၊ လေးပါတီလောက် ပူးပေါင်းပြီးတော့ တပေါင်းတစည်းတည်း ရွေးကောက်ပွဲ ဝင်ကြမှာတွေရှိတယ်။ ဒါတွေလည်း သတိထားရပါတယ်။ ထို့အတူပဲ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသဆိုရင်လည်း ကျွန်တော်တို့ အပြင်းအထန် ရုန်းကန်ကြရမှာပါ”
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကလည်း ၂၀၂၀ မဲရလဒ် အပေါ် ခန့်မှန်းဖို့ ခက်နေကြောင်းပြောပါတယ်။
“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့မှ ကြိုတင်မှန်းဆဖို့ ခက်ပါတယ်။ အမျိုးမျိုးပြောဆိုနေကြတယ်။ မှန်းဆနေကြတယ်။ ဒါတွေဟာလည်း မှန်းဆချက်ပဲ ဖြစ်တယ်။ လက်တွေ့ကကျတော့လည်း ရလဒ်ထွက်တော့မှပဲ သိမှာပါခင်ဗျ”
NLD ဟာ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ အောင်နိုင်ခဲ့ပြီး တိုင်းရင်းသားဒေသတွေဖြစ်တဲ့ မွန်၊ ကရင်၊ ချင်းနဲ့ ကယားပြည်နယ်တွေမှာဆို ပြည်နယ်လုံးကျွတ်နီးပါး အောင်နိုင်ခဲ့သလို ကချင်ပြည်နယ်က ၁၈ မြို့နယ်မှာလည်း ၄ မြို့နယ်သာ ရှုံးနိမ့်ခဲ့ပြီး အများစု ရွေးကောက်ပွဲအောင်နိုင်ခဲ့ပါတယ်။
ရှုံးနိမ့်မှုတွေများခဲ့တယ်ဆိုတဲ့ ရခိုင်ပြည်နယ်မှာတောင် မာန်အောင်၊ သံတွဲ၊ တောင်ကုတ်၊ ဂွ ၄ မြို့နယ်မှာ ရွေးကောက်ပွဲအောင်နိုင်ခဲ့ပြီး ရှမ်းပြည်နယ်က ၅၅ မြို့နယ်မှာ မယှဉ်ပြိုင်ခဲ့တဲ့ နေရာတွေရှိခဲ့ပေမယ့် ညောင်ရွှေ၊ ကလော၊ တာချီလိတ်၊ ပင်းတယ စတဲ့ ၁၀ မြို့နယ်ကျော်မှာ ရွေးကောက်ပွဲ အောင်နိုင်ခဲ့ပါတယ်။
ရွေးကောက်ခံ ကိုယ်စားလှယ် ၄၉၀ နီးပါးရှိတဲ့ ပြည်ထောင်စုလွှတ်တော်မှာ USDP က ၄၁ နေရာ အနိုင်ရခဲ့ပြီး အများစုက ပြည်နယ်တွေက မဲတွေဖြစ်ပါတယ်။
တိုင်းရင်းသားဒေသတွေမှာ ဗမာပါတီတွေကို မဲပေးဖို့ ဆန္ဒနည်းပါးလာမှုကြောင့် USDP အနေနဲ့လည်း အရင်က ရခဲ့တဲ့ မဲအရေအတွက်လောက် ပြန်ရဖို့ ခက်ခဲနိုင်တယ်လို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် က သုံးသပ် ပါတယ်။
“ပြည်ခိုင်ဖြိုးက အရင်တုန်းက အဓိက များများစားစားရခဲ့တာ ရှမ်းပြည်နယ် အရှေ့ပိုင်းဘက်မှာပေါ့။ အမျိုး သားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာ ရထားတာက ၄၁ နေရာရှိတယ်။ အဲအထဲမှာ ကျွန်တော်ထင်တယ် ၂၇ လောက်က ပြည်နယ်တွေက ရထားတဲ့ မဲတွေဖြစ်နေတယ်။ တိုင်းရင်းသား မဲဆန္ဒရှင်တွေရဲ့ သဘောထားက ဗမာပါတီမှန်သမျှကို မပေးဘူးဆိုတာမျိုး ဖြစ်လာတော့ ပြည်ခိုင်ဖြိုး ပါတီကလည်း သူတို့အရင် ရထားတဲ့ နေရာတွေကို ထိန်းနိုင်ဖို့ဆိုတာ တော်တော်ကို ခက်ခက်ခဲခဲ လုပ်ရမယ်လို့ ကျွန်တော်ထင်ပါတယ်”
အင်အားကြီးပါတီတွေအနေနဲ့ တိုင်းရင်းသားပါတီတွေရဲ့ အားကိုယူပြီးမှ အစိုးရဖွဲ့နိုင်အောင် တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေ လွှတ်တော်ထဲကို အရင်ကထက်ပိုမိုရောက်နိုင်ရေး တိုင်းရင်းသားတွေဘက်က မဲပေးဆောင် ရွက်ကြမယ့် အနေအထားရှိတယ်လို့ လေ့လာသူတွေက ယူဆကြပါတယ်။
ရခိုင်အခြေစိုက်ပါတီဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ ANP က သူတို့ ပါတီအနေနဲ့ အရင် ၂၀၁၅ ရွေးကောက်ပွဲကထက် ပိုအနိုင်ရနိုင်တယ်လို့ ပါတီရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးဖေသန်း က သုံးသပ်ပါတယ်။
“ကျွန်တော်တို့ဖက်ကတော့ သိပ်မစိုးရိမ်ဘူး။ သူတို့ဘက်ကသာ AA ရဲ့ ပုံရိပ်ကြောင့် AA ဖိအားကြောင့် တစ်စုံတစ်ရာ ပြောဆိုလာမလားပေါ့နော်။ အမျိုးသားရေး ရေချိန်က တော်တော်ကို ရခိုင်ပြည်နယ်မှာ မြင့်နေတယ်။ ၂၀၁၅ ခုနှစ်က ထပ်တောင်မှ ပိုပြီးအနိုင်ရမယ်။ တကယ်လို့ လုပ်ဖြစ်ရင် တောင်ပိုင်းမြို့နယ်အထိ ထိုးဖောက်ပြီး အနိုင်ရနိုင်မယ်လို့ ယုံကြည်ပါတယ်”
ပြည်ထောင်စုလွှတ်တော်မှာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲကာလက ၁၇ နေရာ အနိုင်ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ရှမ်းပြည်နယ်မှာ အရင်ကထက် မဲအရေအတွက် ပိုရနိုင်မယ်လို့ ယုံကြည်ချက် ရှိနေပါတယ်။
“ကျွန်တော်တို့ကတော့ နေမြဲလို့ တွက်တာပေါ့နော်။ နောက်တစ်ခါ ကျွန်တော်တို့ အရင်က မရောက်ရှိခဲ့တဲ့ နေရာတွေ၊ စည်းရုံးရေးကို သေချာမလုပ်ခဲ့တဲ့ နေရာတွေမှာ ပိုပြီးမှ ဖိဖိစီးစီးလုပ်နိုင်တဲ့ အပိုင်းတွေလည်း ရှိတယ်။ အရင်ထပ်ကို လျော့စရာအကြောင်းမရှိဘူး။ အနည်းဆုံးအတွက်တော့ အများကြီးမဟုတ်တောင် ပိုလာစရာရှိပါတယ်ခင်ဗျ”
SNLD ပါတီရဲ့ အတွင်းရေးမှူး စိုင်းလိတ် ပြောသွားတာပါ။
သမ္မတကို မဲပေးရွေးချယ်ခွင့်ရှိတဲ့ ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အပါအဝင် ကိုယ်စားလှယ် စုစုပေါင်း ၆၅၅ ယောက်ရှိပါတယ်။
အဲဒီထဲမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ၂၅ ရာခိုင်နှုန်းနဲ့ ၁၆၆ ယောက် ရှိနေပါတယ်။
တပ်မတော်နဲ့ USDP ပါတီရဲ့ ရပ်တည်ချက်နဲ့ ခံယူချက်တွေ တူညီတာကြောင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ မဲတွေဟာ NLD ပါတီနဲ့ ယှဉ်မယ်ဆိုရင် USDP ကိုသာ ထောက်ခံကြမယ်လို့ တွက်ဆလို့ ရပါတယ်။ NLD ပါတီကတော့ လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်ဖို့ဆိုရင် ပြည်ထောင်စုအဆင့် လွှတ်တော် ကိုယ်စားလှယ် ၆၅၅ ယောက်ထဲမှာ ထက်ဝက်ကျော်နေရာရဖို့ လိုအပ်နေပါတယ်။
တပါတီတည်း အစိုးရဖွဲ့နိုင်ဖို့ တိုင်းဒေသကြီးတွေသာမက ပြည်နယ်တွေမှာပါ မဲရနိုင်ဖို့ NLD ပါတီအတွက်လည်း လိုအပ်နေသလို USDP အနေနဲ့ကလည်း အရင်ကရခဲ့တဲ့မဲတွေဟာ ပြည်နယ်တွေက မဲတွေများတဲ့အတွက် ဒီမဲတွေ လျော့ကျမသွားရေးအတွက် အဓိကထား ယှဉ်ပြိုင်ရမယ့် အနေအထားတွေရှိကြောင်း တင်ပြလိုက်ရပါတယ်။