တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့်အချိန် မဟုတ်ကြောင်း ANP ပါတီ ထုတ်ပြန်

လက်ရှိကပ်ရောဂါကာလဟာ တရားမျှတတဲ့ရွေးကောက်ပွဲ ကျင်းပဖို့ မဖြစ်နိုင် တာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကို ပြန်လည်သုံးသပ်ဖို့ ရခိုင်အမျိုးသားပါတီ ANP က ဒီကနေ့ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

၂၀၁၅ ခုနှစ်က ANP ပါတီရဲ့ မဲဆွယ်စည်းရုံးရေး မြင်ကွင်း။ Photo: AFP

လက်ရှိကပ်ရောဂါကာလဟာ တရားမျှတတဲ့ရွေးကောက်ပွဲ ကျင်းပဖို့ မဖြစ်နိုင်တာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့  ရွေးကောက်ပွဲကို ပြန်လည်သုံးသပ်ဖို့ ရခိုင်အမျိုးသားပါတီ ANP က ဒီကနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြောင်းလဲရေးအတွက် အရေးပါတဲ့ရွေးကောက်ပွဲဖြစ်တာကြောင့် ဒီရွေးကောက်ပွဲ တရားမျှတမှုရှိဖို့ လက်ရှိ NLD ဦးဆောင်တဲ့ နိုင်ငံတော်အစိုးရမှာလည်း တာဝန်ရှိတယ်လို့ ANP  ပါတီကပြောထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုနှုန်းတွေ တနေ့တခြား ဆိုးဆိုးလာနေတာကြောင့်  ရွေးကောက်ပွဲရက်ကို ရွှေ့ဆိုင်းပေးဖို့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီ ၂၀ ကျော်က စက်တင်ဘာလ ၁၅ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်နေတာကြောင့်  မလိုအပ်ဘဲ နေအိမ်အပြင်မထွက်ကြဖို့ Stay at home အမိန့် အစိုးရ ထုတ်ပြန်ထားတဲ့ မြို့နယ်တွေက ရွေးကောက်ခံကိုယ်စားလှယ်တွေဟာ မဲဆွယ်စည်းရုံးရေးဆင်းလို့ မရတာကြောင့် အွန်လိုင်းကနေပဲ မဲဆွယ်နေကြပါတယ်။

Stay at Home အမိန့်ထုတ်ပြန်မထားတဲ့ မြို့နယ်က ကိုယ်စားလှယ်တွေကတော့ လူ ၅၀ ဦးထက်မပိုဘဲ မဲဆွယ်စည်းရုံးခွင့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိ အာဏာရပါတီ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ NLD ပါတီ သောင်ပြိုကမ်းပြို နိုင်အောင်လုပ်ဖို့ လိုသလို ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကိုလည်း အောင်နိုင်အောင် လုပ်ဆောင်ရမယ်လို့ စက်တင်ဘာ ၁၅ ရက်နေ့က ဖေ့ဘွတ်စ်ကနေပြောတဲ့ အောင်နိုင်ရေးမိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပြီး ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေကို စက်တင်ဘာလ ၈ ရက်နေ့ကနေ နိုဝင်ဘာ ၆ ရက်နေ့အထိ တရားဝင် ခွင့်ပြုထားတာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org