ရွေးကောက်ပွဲကော်မရှင် မျှတမှုမရှိမှာကို ပါတီတချို့ စိုးရိမ်
အစိုးရ ခေါင်းဆောင်တွေ မဲဆွယ်စည်းရုံးခွင့် ကြိုတင်လုပ်နိုင်အောင် ရွေးကောက်ပွဲကော်မရှင်က မကြာသေးခင် ရက်ပိုင်းအတွင်းကစပြီး ခွင့်ပြုထားတာဟာ အမတ်လောင်း အများစုအတွက် မျှတမှုမရှိဘူးလို့ ဝေဖန်နေကြပါတယ်။ NLD ပါတီကတော့ အစိုးရအဖွဲ့မှာ တာဝန်ယူထားတဲ့ ပါတီခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲအတွက် မဲဆွယ်ဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
-
ဝေယံမိုးမြင့်
2020-07-10 -
-
-
အစိုးရ ခေါင်းဆောင်တွေ မဲဆွယ်စည်းရုံးခွင့် ကြိုတင်လုပ်နိုင်အောင် ရွေးကောက်ပွဲကော်မရှင်က မကြာသေးခင် ရက်ပိုင်းအတွင်းကစပြီး ခွင့်ပြုထားတာဟာ အမတ်လောင်း အများစုအတွက် မျှတမှုမရှိဘူးလို့ ဝေဖန်နေကြ ပါတယ်။ NLD ပါတီကတော့ အစိုးရအဖွဲ့မှာ တာဝန်ယူထားတဲ့ ပါတီခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲအတွက် မဲဆွယ်ဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းတွေထဲမှာ ပြိုင်ဘက်အများစုထက် အခွင့်အရေး ပိုပြီးရနိုင်တာကတော့ နေပြည်တော်က ထိပ်တန်းရာထူးကြီးတွေကို ရရှိထားသူများပဲ ဖြစ်ပါတယ်။
ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေ၊ ဒု-ဝန်ကြီး၊ တရားသူကြီးချုပ်၊ တရားလွှတ်တော်ချုပ်၊ ရှေ့နေချုပ်၊ စာရင်းစစ် ချုပ်နဲ့ ပြည်ထောင်စုရာထူးဝန်တွေဟာ ရွေးကောက်ပွဲမှာ ဝင်ရောက်ရွေးချယ်ခံမယ်ဆိုရင် ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ စုဝေးဟောပြောခြင်းနဲ့ မဲဆွယ်စည်းရုံးခြင်းတွေကို ဇူလိုင်လ ၁ ရက်နေ့မှာ စတင်လုပ်ဆောင်နိုင်ပြီဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အဲဒီနေ့မှာ ကြေညာထားပါတယ်။
ကျန်တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကတော့ ကော်မရှင်က သူတို့ကို ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုပြီးမှသာ မဲဆွယ်စည်းရုံးခွင့်ရမှာပါ။
ပြည်သူ့ရှေ့ဆောင်ပါတီက ဦးကျော်ဇေယျက ရွေးကောက်ပွဲလုပ်မယ့်နေ့ ကြေညာချက် ထွက်ပြီးနောက်မှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ရပ်ဟာ မေးခွန်းထုတ်စရာ ရှိနေတယ်လို့ ပြောပါတယ်။
“စပြီးတော့ ရက်တွေ သတ်မှတ်တယ်၊ ကြေညာနေတာတွေကိုက လုပ်ရတာ ပြတ်သားမှု မရှိဘူး၊ ရွေးကောက်ပွဲ ကလင်ဒါ စထွက်ကတည်းက မျှတမှု မရှိတဲ့ အနေအထားဖြစ်နေတယ်”
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၆၄ အရ သမ္မတ၊ ဒု-သမ္မတတို့ဟာ ရာထူးသက်တမ်းအတွင်း ပါတီလုပ်ငန်း မှာ ပါဝင်ခြင်းမပြုရ၊ ပုဒ်မ ၂၃၂ အရ ပြည်ထောင်စု ဝန်ကြီးတွေဟာ ရာထူးသက်တမ်းအတွင်း ပါတီလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခြင်းမပြုရဆိုတဲ့ အချက်တွေကို UEC ရဲ့ ကြေညာချက်က ဖောက်ဖျက်ကျူးလွန်နေတယ်ဆိုပြီး ထောက်ပြပြောဆိုနေကြပါတယ်။
ကော်မရှင်က အခြေခံဥပဒေကို မကိုးကားဘဲ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေကို ကိုးကားထားတာကြောင့် အငြင်းပွားစရာ ဖြစ်လာတယ်လို့ ချင်းအမျိုးသား ဒီမိုကရေစီပါတီ ပူးတွဲဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ် က ထောက်ပြပါတယ်။
“ဒါက ဥပဒေပြသနာဖြစ်နေတယ်။ အခြေခံဥပဒေအရ စည်းရုံးရေးဆင်းလို့ မရဘူး။ ပြည်ထောင်စု အစိုးရ ဥပဒေအရ ကော်မရှင်လုပ်တာက မှန်တယ် ဒါပေမဲ့ အမြင့်ဆုံး အခြေခံဥပဒေအရဆိုရင် ကျန်တဲ့သူနဲ့ ကွဲလွဲတဲ့ ပြဌာန်းဥပဒေတွေက ပျက်ပြယ်တယ်။ ဒါကတော့ ထောက်ပြစရာရှိတယ်”
ကော်မရှင်ရဲ့ကြေညာချက်တွေကြောင့် လာမယ့် ရွေးကောက်ပွဲ တရားမျှတပါ့မလားလို့လည်း မေးခွန်းထုတ်နေ ကြပါတယ်။
“အခု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေက စစ်မှန်တဲ့ လွတ်လပ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဝေဝါးပျောက်ကွယ်နေပါပြီ”
အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွှန့် ပြောသွားတာပါ။
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးဖို့ ရက်ပေါင်း ၆၀ အချိန်ရမှာဖြစ်ပေမယ့် အစိုးရခေါင်းဆောင်တွေကတော့ ရက်ပေါင်း ၆၀ ထက်မနည်း ရရှိနေတာ ရရှိနေတာဖြစ်ပါတယ်။
ကပ်ဘေးကာလအတွင်း အစိုးရတစ်ရပ်အနေနဲ့ လုပ်ဆောင်ချက်တွေတိုင်းဟာလည်း မဲဆွယ်နေတဲ့ သဘောမျိုး သက်ဝင်နေတာမို့ ပါတီငယ်တွေအနေနဲ့ ပိုစိုးရိမ်မိတယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးငွေလင်းက ပြောပါတယ်။
“ပါတီငယ်တွေ၊ အခုမှ အင်တိုက်အားတိုက် တိုးရမယ့်ပါတီတွေ အနေနဲ့ ခက်ပါတယ်။ အာဏာရပါတီအနေနဲ့ ကိုဗစ်ကူညီရေးကိစ္စတွေက အစိုးရက ကူညီတာဆိုပေမယ့် သူက ကူညီနေတယ် ဆိုတာမျိုး လူထုအမြင် တွေကရှိတော့ သူက စည်းရုံးပြီးသားဖြစ်တယ်။ ကျနော်တို့ ပါတီငယ်တွေအနေနဲ့က ၅ ယောက်ထက် ပိုမစုရ ဆိုတာမျိုးဆိုတော့ မျှတမှုတော့ အင်မတန် နည်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်”
အဆိုပါ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး မေးမြန်းဖို့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကို ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။ ကော်မရှင်ဟာ သတင်းမီဒီယာတွေကို နေပြည်တော်က ကော်မရှင်ရုံးမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပတဲ့အခါမှသာ ဖြေကြားပြောဆိုနေပါတယ်။
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ဆောင်ရွက်နေတဲ့ ရွေးကောက်ပွဲ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE (ပေ့စ်) အဖွဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်ကတော့ ပါတီခေါင်းဆောင်တိုင်းက ပါတီစည်းရုံးခွင့်၊ နယ်မြေ စည်းရုံးခွင့် ရှိရမှာဖြစ်ပြီး နိုင်ငံပိုင်အရင်းအမြစ်တွေ သူတို့ သုံးစွဲမှု ရှိ၊ မရှိ စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။
“ပါတီခေါင်းဆောင်တိုင်းဟာ ပါတီစည်းရုံးရေး နယ်မြေစည်းရုံးရေး ရှိရမယ်။ အစိုးရအဖွဲ့ဝင် လုပ်သည် ဖြစ်စေ မလုပ်သည်ဖြစ်စေ ပါတီစည်းရုံးရေး နယ်မြေစည်းရုံးရေး လုပ်ခွင့်ရှိရတယ်။ မေးခွန်းက သူတို့ ဘယ်ချိန်မှာ လုပ်ခွင့်ပြုမယ် မပြုဘူး နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးဖို့လိုတယ်။ နောက်တစ်ခုက သူတို့ လုပ်တဲ့အခါမှာ နိုင်ငံအရင်းအမြစ်တွေ သုံးစွဲလား၊ နိုင်ငံပိုင်စီမံကိန်းတွေကို ပါတီစည်းရုံးရေး နယ်မြေ စည်းရုံးရေးမှာ သုံးလား။ သူတို့အသုံးစရိတ်တွေကို နိုင်ငံတော်က ကျခံတာလား။ အဲဒီ နှစ်ခုကိုပဲ မြင်ပါတယ်”
အရင် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ အခုလက်ရှိ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခဲ့စဉ်က ပြည်ခိုင်ဖြိုးပါတီရဲ့ မဲဆွယ်စည်းရုံးနေမှုကို လွှတ်တော်မှာ ကန့်ကွက်ခဲ့ပါတယ်။
ဒါပေမဲ့ အခု NLD ပါတီ အာဏာရလာချိန်မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့်ကို အရင် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီလိုပဲ လုပ်ဆောင်နေတယ်ဆိုပြီး စွပ်စွဲပြောဆိုနေကြပါပြီ။
အဲဒီစွပ်စွဲချက်အပေါ် ပါတီဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ဟုတ်မှန်ကြောင်း ဆိုပါတယ်။
“သူတို့ ပြောတာကို မငြင်းပါဘူး မှန်ပါတယ်။ ၂၀၁၅ တုန်းက သမ္မတ ဦးသိန်းစိန် မဲဆွယ်စည်းရုံးပုံ ထုတ်တာကို ကျနော်တို့ ကန့်ကွက်ခဲ့တာ မှန်ပါတယ်။ ကန့်ကွက်ခဲ့ပေမယ့်လို အဲဒီတုန်းက ရွေးကောက်ပွဲ ကော်မရှင်က အခု ရွေးကောက်ပွဲ ကြေညာချက်လို လုပ်ထုံးလုပ်နည်း ဥပဒေ အတိုင်းခွင့်ပြုသွားတာ၊ ကျနော်တို့ အဲဒီတုန်းက ကန့်ကွက်တာပဲရှိတယ် လက်ခံလိုက်ရတာပဲ။ အခုလည်း ဒီလိုပဲ အဲဒီတုန်းက အတိုင်းပဲ။ အဲဒီလုပ်ထုံးလုပ်နည်း အတိုင်း ပြောသွားတာပဲ။ ဒါဘာမှ မဆန်းဘူးလို့ပဲ ပြောချင်ပါတယ်”
NLD ပါတီခေါင်းဆောင်တွေအနေနဲ့ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးတွေကိုသာ လုပ်ဆောင်မှာဖြစ်ပြီး မဲဆွယ်တာမျိုး လုပ်မှာမဟုတ်သေးဘူးလို့ ပါတီဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ဆိုပါတယ်။
ဇူလိုင် ၁ ရက်ကစပြီး အစိုးရခေါင်းဆောင်တွေ ပါတီစည်းရုံးရေး လုပ်ဆောင်နိုင်တယ်လို့ ကော်မရှင်က ကြေညာပြီး ရက်ပိုင်းအတွင်း ပြုလုပ်တဲ့ NLD ပါတီရဲ့ နေပြည်တော်ဌာနချုပ်ရုံး ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှွတ်တော် မဲဆန္ဒနယ် ၁၆၈ နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နေရာကို ကြေညာထားပါတယ်။
ရွေးကောက်ပွဲနီးချိန်မှာ နယ်မြေမတည်ငြိမ်မှုတွေကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေက တချို့နေရာတွေမှာရွေးကောက်ပွဲ မကျင်းပနိုင်မှာကိုလည်း အတိုက်အခံပါတီတွေက စိုးရိမ်နေပါတယ်။