နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပမည်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် တနင်္ဂနွေနေ့မှာ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ကြေညာလိုက်ပါတယ်။

၂၀၁၅၊ နိုဝင်ဘာ ၈ ရက်နေ့က ရန်ကုန်တိုင်းက မဲရုံတခုမှာ မဲလာပေးသူ ပြည်သူတစ်ဦး။ Photo: AFP

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် တနင်္ဂနွေနေ့မှာ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ကြေညာလိုက်ပါတယ်။

ဒါကြောင့် ယှဉ်ပြိုင်မယ့် ပါတီတွေ၊ တစ်သီးပုဂ္ဂလတွေ အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တွေကို သြဂုတ်လ ၇ ရက်နေ့ နောက်ဆုံးထား ပေးပို့ကြဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပါဝင်ယှဉ်ပြိုင်ကြမယ့်သူတွေအနေနဲ့  ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုချက်တွေနဲ့အညီ ဇူလိုင်လ ၁ ရက်နေ့ကစပြီး မဲဆွယ်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါပါတယ်။

လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ဇူလိုင်လ ၂ဝ ရက်နေ့မှာ စတင်တင်သွင်းနိုင်ပြီး ဩဂုတ်လ ၇ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာ ပြန်ရုပ်သိမ်းမယ်ဆိုရင်လည်း ဩဂုတ်လ ၇ ရက်နေ့ နောက်ဆုံးထား ရုတ်သိမ်းရမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်း တင်သွင်းလွှာတွေကို ဩဂုတ်လ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ တစ်ပတ်အတွင်း စိစစ်မယ်လို့လည်း ကြေညာထားပါတယ်။

၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲကို စစ်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်က မြို့နယ်အားလုံးအပါအဝင် တစ်နိုင်ငံလုံးက မြို့နယ်ပေါင်း ၃၃၀ မှာ ကျင်းပသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၂၉ ရက်နေ့က ကြေညာထားပါတယ်။

ဒီကြေညာချက်အရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် တနိုင်ငံလုံးက မြို့နယ်ပေါင်း ၃၃ဝ မှာ မဲဆန္ဒနယ် ၃၃ဝ ၊  အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် ၁၆၈ နယ်၊  တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေအတွက် မဲဆန္ဒနယ် ၆၄၄ နယ်မှာ ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org