ရွေးကောက်ပွဲလေ့လာခွင့် ပြန်ရမယ်လို့ PACE ကို ကော်မရှင် အကြောင်းကြား

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာခွင့် ပြုကြောင်း ဖုန်းနဲ့အကြောင်းကြားတယ်လို့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ တွေ့ရှိချက်များ ရှင်းလင်းခြင်းအခမ်းအနားမှာ ရွေးကောက်ပွဲဆိုင်ဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု (Peace) အဖွဲ့ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့က တွေ့ရစဉ် Photo: People's Alliance for Credible Elections - PACE

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာခွင့်ပြုကြောင်း ဖုန်းနဲ့အကြောင်းကြားတယ်လို့ အမှုဆောင် ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ စောင့်ကြည်ခွင့်ပြုကြောင်း မနေ့ညနေက ဖုန်းနဲ့ဆက်သွယ် အကြောင်းကြားထားပြီး တရားဝင်စာတော့ မရသေးဘူးလို့ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည်ခွင့်ကိစ္စ အပါအဝင် အလှူရှင်တွေက လှူတဲ့ငွေကြေးတွေကို ဘဏ်အကောင့်တွေထဲ ပေးမထည့်တာ စတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး လာမယ့်အပတ်မှာ နေပြည်တော်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ သွားရောက်တွေ့ဆုံဖို့ရှိတယ်လို့ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

အရပ်ဖက်အဖွဲ့တွေ ရွေးကောက်ပွဲစောင့်ကြည်ခွင့်ကို ဥပဒေအရ အကာအကွယ်မပေးထားတဲ့အတွက် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ စောင့်ကြည့်ခွင့်ရမယ်လို့ ပြောပေမယ့် နောက်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ခွင့်ပြု၊ မပြု စိုးရိမ်စရာတွေရှိတာကြောင့် ရွေးကောက်ပွဲဥပဒေမှာ အကာအကွယ်ပေးဖို့ ပြင်ဆင်နိုင်အောင် ကြိုးစားရဦး မယ်လို့ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက PACE အဖွဲ့ကို နိုင်ငံတကာအလှူငွေနဲ့ ဆောင်ရွက်တယ်ဆိုပြီး လာမယ့် ရွေးကောက်ပွဲကို ခွင့်မပြုနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်ခဲ့ပါတယ်။

အဲဒီလို ငြင်းပယ်လိုက်တာဟာ ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ အရပ်ဖက်အဖွဲ့တွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်မှုတွေရှိခဲ့ပါတယ်။

PACE အဖွဲ့အနေနဲ့ နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ လူဦးရေ ၂၉၀၀ နဲ့ စောင့်ကြည့်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ နဲ့ ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲတွေကိုလည်း PACE အဖွဲ့က စောင့်ကြည့်လေ့လာခဲ့တာပါ။

PACE အဖွဲ့ကို ၂၀၁၃ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲဖြစ်စဉ်မှာ ပြည်သူတွေ ပါဝင်မှုမြှင့်တင်ရေး၊ ရွေးကောက်ပွဲဖြစ်စဉ် ပွင့်လင်းမြင်သာမှုရှိရေး၊ မဲဆန္ဒရှင် အသိပညာပေးရေး စတဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org