ရိုဟင်ဂျာတွေကို မဲပေးခွင့်ပြုဖို့ မြန်မာဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း

လာမယ့် နိုဝင်ဘာလမှာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ရိုဟင်ဂျာတွေကို မဲပေးခွင့်ပြုဖို့လိုတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ သောမတ် အင်ဒရူးက ပြောလိုက်ပါတယ်။

un-envoy-622.jpg

လာမယ့် နိုဝင်ဘာလမှာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ရိုဟင်ဂျာတွေကို မဲပေးခွင့်ပြုဖို့လိုတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ သောမတ် အင်ဒရူးက ပြောလိုက်ပါတယ်။ ဇူလိုင်လ ၁၃ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတိုးတက်မှုနဲ့ ပတ်သက်ပြီး မစ္စတာ သောမတ် အင်ဒရူးက နှုတ်နဲ့ အစီရင်ခံစာတင်သွင်းမှု ပြုလုပ်ခဲ့ပြီးတဲ့နောက်၊ မနေ့က ပြုလုပ်တဲ့ ကုလအဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ စကားဝိုင်းမှာ အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဇူလိုင်လ ၁၄ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၄၄ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ စပိန်၊ ဘီလာရု၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ယူကေနဲ့ နော်ဝေ စတဲ့ နိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ သောမတ် အင်ဒရူးရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဆွေးနွေး သုံးသပ်ခဲ့ကြပါတယ်။

ဒီလို ဆွေးနွေးတင်ပြမှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အင်ဒရူးက တုံ့ပြန်ပြောဆိုရာမှာ လာမယ့်ရွေးကောက်ပွဲမှာ ရိုဟင်ဂျာတွေကို မဲပေးခွင့်ပေးဖို့ တိုက်တွန်းပြောဆိုသွားတာ ဖြစ်ပါတယ်။

“လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ ဆိုရင် ရိုဟင်ဂျာတွေကို မဲပေးခွင့်ပေးဖို့ လိုပါတယ်။ ရိုဟင်ဂျာတွေဟာ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရခဲ့သလိုပဲ၊ အခု ၂၀၂၀ ရွေးကောက်ပွဲမှာလည်း မဲပေးခွင့် ရသင့်ပါတယ်။ ဒါ့အပြင် လက်ရှိ ပဋိပက္ခ့ဖြစ်နေတဲ့ ဒေသတွေမှာ နေထိုင်တဲ့ ပြည်သူတွေအတွက်လည်း မဲပေးခွင့် ရဖို့ ကြိုတင်စီစဉ်သင့်ပါတယ်။ ဒါ့အပြင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုရုံးခွင့် နဲ့ သတင်းလွတ်လပ်ခွင့်တွေလည်း ရှိဖို့ လိုအပ်ပါတယ်”

ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ သောမတ် အင်ဒရူးဟာ ဇူလိုင်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်မှု အစီရင်ခံစာကို တင်သွင်းခဲ့ရာမှာ မြန်မာအစိုးရရဲ့ မူဝါဒနဲ့ လုပ်ဆောင်ချက်တွေဟာ အခြေခံအကျဆုံး နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့တောင် မကိုက်ညီဘဲ ဖြစ်နေတဲ့အကြောင်း ပြောသွားပါတယ်။  

“ကျွန်တော် လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တာဝန်ကို မယူခင်က မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ၊ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ မြန်မာနိုင်ငံမှာ မြေပြင်ပေါ်မှာ ဖြစ်နေတဲ့ ပြဿနာ အခက်အခဲတွေနဲ့ ရှုပ်ထွေးမှု အခြေအနေတွေကို နားမလည်နိုင်ကြဘူးလို့ ပြောခဲ့ကြပါတယ်။ မြန်မာအစိုးရအနေနဲ့ ပြည်တွင်းက အခြေအနေတွေကို နိုင်ငံတကာက နားလည်စေချင်ရင် တံခါးဖွင့်ပေးဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော် ဒီနေ့တင်သွင်းမယ့် အစီရင်ခံစာမှာ မြန်မာအစိုးရရဲ့ မူဝါဒနဲ့ လုပ်ဆောင်ချက်တွေဟာ နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်းတွေနဲ့ မကိုက်ညီဘဲ ဖြစ်နေတာ တွေ့ရတယ်လို့ ပြောလိုပါတယ်”

တပ်မတော်နဲ့ အစိုးရကို ဝေဖန်တဲ့ သတင်းသမားတွေ၊ သံချပ်ထိုး ဖျော်ဖြေတဲ့ သာမန် ပြည်သူတွေဟာ တရားစွဲဆို ထောင်ချခံနေရကြောင်း၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ကိုယ်တိုင်က တကမ္ဘာလုံး အတိုင်းအတာနဲ့ အပစ်ရပ်ထားဖို့ တိုက်တွန်းထားပေမယ့် မြန်မာနိုင်ငံဒေသ တော်တော်များများမှာ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်ဖြစ်နေပြီး၊ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုတွေ ဖြစ်နေကြောင်း၊ သိန်းဂဏန်းရှိတဲ့ ရိုဟင်ဂျာတွေဟာ အခြေခံ လူ့အခွင့်အရေးတွေ မရကြပဲ၊ ဒုက္ခသည်စခန်းတွေမှာ ဆက်ပြီး နေထိုင်နေရတဲ့ အခြေအနေတွေ နဲ့ ဒီဒုက္ခသည်တွေ နေရပ်ပြန်နိုင်တဲ့ အခြေအနေဖြစ်လာအောင် လုပ်ပေးနိုင်ခြင်းမရှိတာ စတာတွေကိုလည်း သူက ထောက်ပြ ပြောဆိုကြားသွားပါတယ်။

အပြုသဘောဆောင်တဲ့ တိုးတက်မှုအနေနဲ့ အစိုးရ၀န်ထမ်းနဲ့ တပ်မတော်သားတွေအကြားမှာ အမုန်းစကားတွေ မဖြန့်ဖို့ အမိန့်ထုတ်ပြန်ခဲ့တာကို အသိအမှတ်ပြုကြောင်းလည်း သူက ပြောသွားပါတယ်။

မစ္စတာ သောမတ် အင်ဒရူးရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ မြန်မာသံအမတ် ဦးကျော်မိုးထွန်းက တုံ့ပြန်ပြောဆိုရာမှာ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရတဲ့အချိန်ကစပြီး ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ဆက်တိုက် ကြုံခဲ့ရပြီး အခက်အခဲပေါင်းစုံ ကြုံနေရပေမယ့် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့ အခက်အခဲတွေကြားက ဆက်ပြီး ကြိုးစားနေကြောင်းနဲ့ နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံက အဖြစ်အပျက်တွေရဲ့ ရှုပ်ထွေးမှုတွေနဲ့ မြေပြင်မှာ အမှန်တကယ်နားလည်သိရှိမှသာ ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာမယ်လို့ တုံ့ပြန်ပြောဆိုသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org