ရွေးကောက်ပွဲမတိုင်ခင် ၂၁ ပင်လုံညီလာခံ ကျင်းပနိုင်ရေး ကြိုးပမ်းနေ
၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်လက်အကောင် အထည်ပေါ်နိုင်ဖို့ ရွေးကောက်ပွဲမတိုင်ခင် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး အစိုးရက ကြိုးပမ်းနေပါတယ်။
-
နေမျိုးထွန်း
2020-06-01 -
-
-
၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်လက်အကောင်အထည်ပေါ်နိုင်ဖို့ ရွေးကောက်ပွဲ မတိုင်ခင် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး အစိုးရက ကြိုးပမ်းနေပါတယ်။
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအလွန်ကာလမှာ အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေ ရှိလာမှာဖြစ်လို့ စတုတ္ထကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို မဖြစ်မနေ ကျင်းပနိုင်ဖို့ အရေးကြီးတယ်လို့ အစိုးရကရော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကပါ ပြောနေကြပါတယ်။
နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း ပြီးခဲ့တဲ့ မေ ၃၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ အလားတူ ပြောခဲ့ပါတယ်။
ရွေးကောက်ပွဲကို နိုဝင်ဘာမှာ ကျင်းပဖို့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ဖော်ပြော ကြားထားတာကြောင့် မဲဆွယ်စည်းရုံးတဲ့ ကာလမရောက်ခင် ဇူလိုင်လအတွင်း ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပဖို့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေကို အဆိုပြုထားတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
“ညီလာခံက ဘာကြောင့်အရေးကြီးလဲဆိုတော့ တပ်မတော်ဘက်မှာလည်း ၂၀၂၀ ရွေးကောက်ပွဲအလွန် အပြောင်းအလဲတွေ ဖြစ်မှာဖြစ်သလို အစိုးရဘက်မှလည်း ရွေးကောက်ပွဲရလဒ်ပေါ်မူတည်ပြီး ဖြစ်ပေါ်လာမယ့် အနေအထားတွေရှိတယ်။ ငါးနှစ်လုံးလုံး ညှိနှိုင်းဆောင်ရွက်ခဲ့တဲ့ဟာတွေက နောက်လက်ထက်မှာ ဘယ်ပုံစံ ဆက်သွားမလဲဆိုတဲ့ မရေရာ မသေချာမှုတွေ ဖြစ်လာနိုင်တယ်။ အဲဒီတော့ အားလုံး သဘောတူ လက်ခံထားတဲ့ အနေအထားမျိုးကို ညှိနှိုင်းသွားဖို့လိုတယ်”
ရွေးကောက်ပွဲ မတိုင်မီ ၂၁ ရာစု ပင်လုံကျင်းပပြီး NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်၊ ၂၀၂၀ ရွေးကောက်ပွဲအလွန် အဆင့်လိုက်လုပ်ငန်းစဉ်တွေနဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှု၊ ဖက်ဒရယ် ဆိုင်ရာအခြေခံမူ စတဲ့ ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း(၃) ကို ချုပ်ဆိုသွားမယ်လို့ ပြောပါတယ်။
ရွေးကောက်ပွဲမတိုင်ခင် ၂၁ ပင်လုံ နိုင်ငံရေးဆွေးနွေးပွဲကို ခေါ်ယူကျင်းပဖို့ လိုအပ်ပြီး ရွေးကောက်ပွဲအပြီး မလွဲမသွေ ငြိမ်းချမ်းရေးလုပ်ငန်းကို ဆက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက် ကတိကဝတ်မျိုး လိုအပ်သလို ဖက်ဒရယ်အခြေခံမူနဲ့ ပြည်ထောင်စုကို တည်ဆောင်မယ်ဆိုတဲ့ ကတိကဝတ်က ပိုအရေးကြီးတယ်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက RFA ကို ပြောပါတယ်။
“ရွေးကောက်ပွဲအလွန် ဖက်ဒရယ်နဲ့ တည်ဆောက်မယ်ဆိုတဲ့ ကြွေးကြော်သံပျောက်သွားမှာလည်း ကျွန်တော်တို့က စိုးရိမ်တယ်ဗျ။ အဲဒါကြောင့် ဖက်ဒရယ်အခြေခံမူနဲ့ ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ အချက်ရယ်၊ ငြိမ်းချမ်းလုပ်ငန်းစဉ်တွေကို ဆက်လက် ကြိုးပမ်းဆောင်ရွက်မယ် ဆိုတဲ့ အချက်တွေကို ၂၁ ရာစု ပင်လုံ ခေါ်ယူပြီး သဘောထားချမှတ်ပြီးရင် တည်ဆဲလွှတ်တော် သက်တမ်းရှိတဲ့ကာလထဲမှာ အတည်ပြု၊ အတည်ပြုပြီးရင် ရွေးကောက်ပွဲအလွန်မှာ ကျွန်တော်တို့က စိတ်အေးလက်အေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းရော၊ ဖက်ဒရယ်လုပ်ငန်းရော ဆက်လက်ဆောင်ရွက်နိုင်မယ်လို့ အဲဒီလို ရည်မှန်းထားပါတယ်”
လက်ရှိ အွန်လိုင်းဗီဒီယိုစနစ်နဲ့ ညှိနှိုင်းဆွေးနွေးနေတာဟာ အပြန်အလှန်ညှိနှိုင်းမှုတွေ အဆိုပြုတာတွေအတွက် အခက်အခဲရှိနေပြီး လုပ်ငန်းအဆက်မပြတ်ဖို့သာ လုပ်ဆောင်နေရတယ်လို့ ဆိုပါတယ်။
လူချင်းတွေ့ဆုံညှိနှိုင်းနိုင်ဖို့ ဇွန်လအကုန် ဇူလိုင်လလောက်မှာ လုပ်နိုင်မယ်ဆိုရင် ပြင်ဆင်ချိန်က ဇူလိုင်လ ကုန်သွားနိုင်တာကြောင့် စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကျင်းပဖို့ သြဂုတ်လမှာ ပိုပြီးဖြစ်နိုင်မယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက သူ့အမြင်ကို ပြောပါတယ်။
ရွေးကောက်ပွဲကာလမတိုင်ခင် ဇူလိုင်လမှာ ၂၁ ရာစု ပင်လုံညီလာခံကျင်းပနိုင်ဖို့ အဆိုပြုချက်နဲ့ ပတ်သက်ပြီး ပါတီအတွင်းမှာ ညှိနှိုင်းဆောင်ရွက်ဖို့ ကြိုးပမ်းနေတယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော် (ALA) ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
EAO လို့ ခေါ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ဆွေးနွေးဖို့လည်း အခြေအနေ မပေးဘူးလို့ သူက ဆိုပါတယ်။
“Covid 19 ကာလမှာ EAO အချင်းချင်း မထိုင်နိုင်ဘူး။ EAO ဆယ်ဖွဲ့အတွင်း တကယ့်ကို ကြေကြေလည်လည် ဆွေးနွေးဖို့ တစ်ခုလိုအပ်တယ်။ နောက်ပြီး Guiding Principles (လမ်းပြအခြေခံမူ) တွေကို ဆွဲထားကြတဲ့ ၁၂ ဖွဲ့ကြားမှာ ကျွန်မတို့ သေချာညှိဖို့ လိုအပ်ပါတယ်။ ဒီလိုရလာတဲ့ ရလဒ်တွေကတဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ အဖြေထွက်လာစရာ အကြောင်းတွေရှိပါတယ်။ အဲဒါကြောင့် ဇူလိုင်လ ဆိုရင် ကျွန်မစိတ်ထဲမှာ စောသလားလို့ စဉ်းစားမိတာရှိပါတယ်။ ဒါပေမဲ့ ကျွန်မတစ်ယောက်တည်း သဘောထား ဖြစ်တယ်။ ကျွန်မတို့ပါတီရဲ့ သဘောထားကိုတော့ မညှိရသေးပါဘူး”
ရွေးကောက်ပွဲအလွန် အစိုးရအပြောင်းအလဲကို မသိနိုင်ပေမယ့် အစိုးရအပြောင်းအလဲမှာ ငြိမ်းချမ်းရေးဖြစ်စဉ်က အခက်အခဲများစွာဖြစ်သွားတာလည်း ကြုံခဲ့ရပြီး ညှိနှိုင်းရင်းနဲ့ အချိန်တွေကုန်ခဲ့တာကြောင့် ရွေးကောက်ပွဲ တစ်ခုနဲ့ တစ်ခုကြား အနည်းနဲ့အများ အခက်အခဲရှိမယ်လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ဆယ်ဖွဲ့ထဲမှာပါတဲ့ ကရင်အမျိုးသား အစည်းအရုံး(KNU) ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး တပ်မတော် RCSS က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းမိဏ်းတို့ကို Skype က တဆင့် ဒီကနေ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေ ကြားတာ မရှိပါဘူး။
စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံဖွင့်ပွဲ၊ လက်မှတ်ရေးထိုးတဲ့ အခမ်းအနား၊ အရေးကြီး အစည်းအဝေးတို့ကို နေပြည်တော်မှာ ကျင်းပတဲ့အခါ အခမ်းအနား တက်လာသူတွေ ခပ်ခွာခွာအနေအထားနဲ့ ပါဝင်ဆွေးနွေးတက်ရောက်ဖို့ အဆိုပြုထားတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်လမှာကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံမှာ ပြည်ထောင်စု သဘောတူညီချက် ၁၄ ချက်ရခဲ့ပေမယ့် ပြည်နယ်တွေ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ဆိုင်တဲ့ ကိစ္စ၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းတဲ့ကိစ္စ၊ ပြည်ထောင်စုက ခွဲမထွက်ရေး၊ တစ်ခုတည်းသော တပ်မတော် စတဲ့အရေးကြီးတဲ့ ကိစ္စတွေကို ပြီးပြတ်အောင် မဆွေးနွေးနိုင်ခဲ့ပါဘူး။