မိုင်ဂျာယန် ညီလာခံ အကြိုဆွေးနွေးပွဲ ဇူလိုင် ၈ ရက် စမယ်
ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ ရဲ့ ညီလာခံအတွက် အကြိုဆွေးနွေးပွဲကို လာမယ့် ဇူလိုင်လ ၈ ရက်နေ့မှာ ကျင်းပမယ်လို့ ချင်းအမျိုးသား တပ်ဦးက ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က ပြောပါတယ်။
-
2016-07-06 -
-
-
Your browser doesn’t support HTML5 audio
ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေရဲ့ ညီလာခံအတွက် အကြိုဆွေးနွေးပွဲကို လာမယ့် ဇူလိုင်လ ၈ ရက်နေ့မှာ ကျင်းပမယ်လို့ ချင်းအမျိုးသား တပ်ဦးက ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်း က ပြောပါတယ်။
NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ဖွဲ့နဲ့ လက်မှတ်မရေးထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တို့ တေ့ွဆုံဆွေးနွေးမှာဖြစ်တယ် လို့ နေပြည်တော်က Horizon Lake View Hotel မှာ ကျင်းပနေတဲ့ ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ အစည်းအဝေးအပြီးမှာ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က ပြောတာဖြစ်ပါတယ်။
"မကြာခင် လာမယ့် ၈ ရက်နေ့မှာပေ့ါလေ UNFC က DPN ရယ်၊ ကျနော်တို့ ခုလက်မှတ်ထိုးတဲ့အတွက်က CT ရယ် ခုနက ကျနော်ပြောတဲ့အဖွဲ့ကနေပြီးတော့ ကျင်းပရေးကော်မတီတွေ စုံပြီးတော့ ဒီလအတွင်းမှာ ကချင်ပြည် မိုင်ဂျာယန်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးရဲ့ မျက်နှာစုံညီ အစည်းအဝေးကျင်းပနိုင် ဖို့ ပြင်ဆင်ထားပါတယ်၊ အဲ့မျက်နှာစုံညီ အစည်းအဝေးမှာ ကျနော်တို့အနေနဲ့ သူတို့ပါလာနိုင်ရေးကိစ္စ ကျနော်တို့ တိုင်းရင်းသားအားလုံး ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စ ကြိုးစားသွားမှာဖြစ်ပါတယ်၊ သူတို့ပါလာနိုင်မယ်လို့ ကျနော်တို့ အများကြီးမျှော်လင့်ပါတယ်"
ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ညီလာခံကို NCA မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေလည်း တက်ရောက်မှာဖြစ်ပြီး လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကျင်းပဖို့ လျာထားတာဖြစ်ပါတယ်။
ဒီနေ့ အစည်းအဝေးမှာ ၂၁ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချမှတ်ပေးခဲ့တဲ့ မူဝါဒတွေနဲ့ ဆုံးဖြတ်ချက်တွေကို NCA လက်မှတ်ရေး ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ ပြန်လည်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မနေ့က ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တစ်ဦးမှ အနိုင်မရခဲ့တဲ့ နိုင်ငံရေးပါတီတွေ နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ညီလာခံမှာ ပါဝင်နိုင်ဖို့အတွက် ဖြေလျော့ဖို့နဲ့ ညီလာခံကျင်းပနိုင်ရေးအတွက် နိုင်ငံ တကာလှူဒါန်းငွေတွေကို NRPC က ဦးစီးဆောင်ရွက်ဖို့တို့ကို မနေ့က အစည်းအဝေးမှာ မူဝါဒချမှတ်ပေးခဲ့ပါတယ်။
ဒါ့အပြင် ဦးသိန်းဇော် ဦးဆောင်တဲ့အဖွဲ့က ရက္ခိုင့်တပ်မတော် AA ၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLAနဲ့ ကိုးကန့်တပ်မတော် MNDAA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်နိုင်ရေးနဲ့ပတ်သက်ပြီး မိုင်းလားမှာ ထပ်မံသွားရောက်ဆွေးနွေးဖို့လည်း မနေ့က အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။
၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ အစည်းအဝေးကို ဇူလိုင်လ ၃ ရက်နေ့ကနေ ဒီနေ့အထိ ၄ ရက်ကြာကျင်းပခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲအကြောင်းကို RFA နေပြည်တော် သတင်းထောက် ကိုဝင်းနောင်တိုး က ပေးပို့ပြီး ကိုကျော်စိုးလင်း က တင်ပြထားပါတယ်။