မြစ်ကြီးနားမှာ ပင်လုံညီလာခံထောက်ခံပွဲ ကျင်းပ
ဒေသခံ ၃ ထောင်လောက် တက်ရောက် တဲ့ ၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံကြို ဆိုတဲ့ အခမ်းအနားကို ကချင်ပြည်နယ် မြစ် ကြီးနားမြို့မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
-
2016-08-18 -
-
-
ဒေသခံ ၃ ထောင်လောက် တက်ရောက်တဲ့ ၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံကြိုဆိုတဲ့ အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
ထောက်ခံကြိုဆိုပွဲမှာ သဘာပတိအဖြစ်ဆောင်ရွက်တဲ့ ဦးကိုလေး က ထောက်ခံကြိုဆိုပွဲ ကျင်းပရတဲ့အကြောင်းကို အခုလိုပြောပါတယ်။
"အများသဘောတူလက်ခံတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်မှသာလျှင် ပြည်တွင်းစစ် ကလည်း ချုပ်ငြိမ်းသွားမှာဖြစ်ပါတယ်၊ တရားမျှတရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေးတို့ကို ဖန်တီးပေးနိုင်မယ့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို ဖွဲ့စည်းချမှတ်နိုင်မယ်လို့ ယူဆတဲ့ အတွက် လေးစားအပ်သော မြစ်ကြီးနားမြို့သူမြို့သား တိုင်းရင်းသားအားလုံးက ညီညီညွှတ်ညွှတ်နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို ထောက်ခံကြိုဆို ဆန္ဒပြုကြပါစို့လို့ တောင်းဆိုရင်း နိဂုံးချုပ်အပ်ပါတယ်"
၂၁ ရာစု ပင်လုံညီလာခံဟာ မြန်မာနိုင်ငံရဲ့ရှေ့ရေး၊ နိုင်ငံသားအားလုံးရဲ့ ကံကြမ္မာကို ဖော်ဆောင်ဆွေးနွေးနိုင် မယ်လို့ ယုံကြည်ကြောင်း၊ ပြည်သူတွေလိုလားတဲ့ ငြိမ်းချမ်းရေးကိုလည်း ဖော်ဆောင်နိုင်မှာဖြစ်ကြောင်း အခမ်းအနား ဦးဆောင်သူတွေက ပြောပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ဦးဆောင်တဲ့ ပြည်နယ်အစိုးရအဖွဲ့လည်း တက်ရောက်ခဲ့သလို၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတချို့နဲ့ ကျောင်းသားလူငယ်တွေအပါအဝင် အယောက် သုံးထောင် ဝန်းကျင် တက်ရောက်ခဲ့ပါတယ်။
အလားတူ အခမ်းအနားတွေကို မြန်မာနိုင်ငံအနှံ့ မြို့ရွာတွေမှာပြုလုပ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ကြိုဆိုထောက်ခံနေကြတာဖြစ်ပါတယ်။