စစ်ပွဲတွေ အမြန်ဆုံးရပ်စဲဖို့ ဘာသာပေါင်းစုံ အဖွဲ့ကြီး တောင်းဆို
ငြိမ်းချမ်းရေးကို လက်တွေ့အကောင် အထည်ဖော်ဖို့အတွက် စစ်ပွဲတွေ အမြန် ဆုံးရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေကိုလည်း အဓိက ထား ထည့်သွင်းဆွေးနွေးဖို့ မြန်မာနိုင်ငံ ကလေးသူငယ် များအတွက် ဘာသာပေါင်းစုံအဖွဲ့ကြီး MIC က ကြေညာချက် ထုတ်ပြန် တောင်း ဆိုလိုက်ပါတယ်။
-
2016-08-21 -
-
-
ငြိမ်းချမ်းရေးကို လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် စစ်ပွဲတွေ အမြန်ဆုံးရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေး ရာမှာ ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေကိုလည်း အဓိကထား ထည့်သွင်းဆွေးနွေးဖို့ မြန်မာနိုင်ငံ ကလေးသူငယ်များအတွက် ဘာသာပေါင်းစုံအဖွဲ့ကြီး MIC က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ရန်ကုန်မြို့ Chatrium Hotel မှာ ဒီနေ့ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံအကြို ဆုတောင်းပွဲကို တက်ရောက်လာ တဲ့ ဘာသာပေါင်းစုံက ဆရာတော်တွေ တောင်းဆိုလိုက်တာဖြစ်ကြောင်း ဆုတောင်းပွဲကို ဦးဆောင်ကျင်းပတဲ့ ရတနာမေတ္တာအဖွဲ့ ဥက္ကဌ ဦးမြင့်ဆွေက ပြောပါတယ်။
"ဒီကလေးတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် စစ်ပွဲတွေရပ်ဖို့နော် ဒါတစ်ချက်၊ နောက်ဒုတိယ အချက်ကတော့ အပစ်ခတ်ရပ်စဲရေးတွေ လုပ်ပြီးတဲ့နောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပတဲ့အခါ မှာ ကလေးတွေရဲ့ရပိုင်ခွင့် အခွင့်အရေးတွေ၊ နောက် သူတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိစ္စရပ်တွေကိုပါ ထည့်သွင်းပြီးတော့ စာရွက်ထဲပါရုံမဟုတ်ဘဲနဲ့ တကယ်လည်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမယ့် စဉ်းစားဖို့ အဲ့ဒီ ၂ ချက်ကို ဒီအစည်းအဝေးပွဲကြီးကနေ တိုက်တွန်းဖို့ရှိပါတယ်"
ဆုတောင်းပွဲကို တက်ရောက်လာတဲ့ ဘာသာပေါင်းစုံက ဆရာတော်တွေက စစ်ပွဲတွေရပ်စဲပြီး ငြိမ်းချမ်းရေး အမြန်ဆုံးရရှိဖို့ သက်ဆိုင်ရာဘာသာအလိုက် ဆုတောင်းခဲ့ကြသလို ကလေးတွေကလည်း ငြိမ်းချမ်းရေးတေး သီချင်းကို သီဆိုခဲ့ကြပါတယ်။
ရတနာမေတ္တာအဖွဲ့နဲ့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF တို့ ပူပေါင်းကျင်းပတဲ့ ပင်လုံညီလာခံ အကြို ဆုတောင်းပွဲကို ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာသာတွေက ဆရာတော်တွေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရဦးတင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စာလှယ်တွေနဲ့ ဘာသာပေါင်းစုံက လူငယ်တွေအပါအဝင် စုစုပေါင်း လူ ၁၅ဝ ကျော် တက်ရောက်ခဲ့ပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေကိုလည်း ထည့်သွင်းဆွေးနွေးဖို့ လှုပ်ရှားမှုတွေ ကို ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက မြို့နယ်တွေမှာလည်း ကျင်းပသွားမယ်လို့ ရတနာမေတ္တာအဖွဲ့က ပြောပါတယ်။