ညီလာခံ ပူးတွဲကျင်းပရေးကော် မတီကို အဖွဲ့ဝင် ၄၈ ဦးနဲ့ ဖွဲ့စည်း
၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးအတွက် ပူးတွဲကျင်းပရေးကော်မတီကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်က ကိုယ်စားလှယ် ၁၆ ဦး၊ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းတွေက ၁၆ ဦး ၊ နိုင်ငံရေး ပါတီတွေက ၁၆ ဦး စုစုပေါင်း ၄၈ ဦးတို့နဲ့ ဖွဲ့စည်းလိုက် ပါတယ်။
-
2016-08-22 -
-
-
၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးအတွက် ပူးတွဲကျင်းပရေးကော်မတီကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်က ကိုယ်စားလှယ် ၁၆ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက ၁၆ ဦး ၊ နိုင်ငံရေးပါတီတွေက ၁၆ ဦး စုစုပေါင်း ၄၈ ဦးတို့နဲ့ ဖွဲ့စည်းလိုက်ပါတယ်။
ရန်ကုန်မြို့ NRPC ရုံးမှာ ဒီနေ့ ကျင်းပတဲ့ ၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ၊ အပစ်ရပ်လက်မှတ် ထိုးထားတဲ့အဖွဲ့တွေ ၊ DPN ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေရဲ့ အစည်းအဝေးကနေ ညီလာ ခံပူးတွဲကျင်းပရေးကော်မတီကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ ပူးတွဲကျင်းပရေးကော်မတီ ဥက္ကဌအဖြစ် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ဆောင်ရွက်မှာဖြစ်တယ်လို့ ပူးတွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး စိုင်းကျော်ညွန့်က ပြောပါတယ်။
"ညီလာခံကျင်းပရေး ပူးတွဲကော်မတီကို ဖွဲ့စည်းလိုက်နိုင်ပါတယ်။ ဒါကတော့ လက်မှတ်ရေးထိုးတဲ့အဖွဲ့ ၈ဖွဲ့မှာ တစ်ဦးစီပေါ့လေ။ ပြီးရင် DPN ဘက်မှာ DPN က ၇ဖွဲ့ရှိတော့ တစ်ဖွဲ့ တစ်ဦးစီ ၇ဦးပေါ့။ ပြီးတော့ မိုင်းလားက တစ်ဦးဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်ဘက်မှာ ၁၆ ဦးရှိတာပေါ့။ အဲ့လိုပဲ အစိုးရဘက်မှာလည်း ၁၆ ဦးကို ရွေးချယ်ပြီးတော့ နိုင်ငံရေးပါတီ အစုအဖွဲ့မှာပဲ ၁၆ ဦးဆိုတော့ ဒီညီလာခံ ကျင်းပရေးပူးတွဲကော်မတီကို ၄၈ ဦးနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ ပြီးတော့ structure အရ ဆိုရင်တော့ ဥက္ကဌတစ်ယောက်ထားပါတယ်။ အဲဒါ ကတော့ ဝန်ကြီးဦးကျော်တင့်ဆွေ ပါ။ ဒုဥက္ကဌ ၃ယောက် ထားပါတယ်။ ပဒိုကွယ်ထူးဝင်းရယ်၊ ဒေါက်တာ တင်မျိုးဝင်း နဲ့ နောက်ပြီး နိုင်ငံရေးပါတီဘက်က ဦးသုဝေဖြစ်ပါတယ်။ အတွင်းရေးမှူးအနေနဲ့က အစိုးရဘက်က ဦးခင်ဇော်ဦးပါ၊ နိုင်ငံရေးပါတီဘက်က ကျွန်တော် စိုင်းကျော်ညွန့်ဖြစ်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဘက်က DPN က တစ်ယောက်ဖြစ်ပါတယ်။ DPN ကတော့ နာမည်စာရင်း မပေးသေးပါဘူး။ ဖွဲ့စည်းမှု အရကတော့ သဘောတူညီပြီးသားဖြစ်ပါတယ်"
လက်ရှိ အချိန်အထိ မပြီးပြတ်သေးတဲ့ နိုင်ငံရေး ဆွေနွေးပွဲဆိုင်ရာ မူဘောင်ညှိနှိုင်းမှုတွေကိုတော့ ၂၁ ရာစု ပင်လုံညီလာခံကျင်းပပြီးတဲ့အချိန်မှသာ ဆက်လက်ညှိနှိုင်းရမှာဖြစ်ပါတယ်။
ဒါ့အပြင် ညီလာခံကျင်းပတဲ့အခါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်က တင်ပြထားတဲ့ ၃ ပွင့်ဆိုင်ပုံစံနဲ့ NCA စာချုပ်မှာ ပါဝင်တဲ့ ၅ ပွင့်ဆိုင်စတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် မချနိုင်သေးဘူးလို့လည်း စိုင်းကျော်ညွန့် က ပြောပါတယ်။
လာမယ့် သြဂုတ်လ ၂၉ ရက်နေ့မှာ ညီလာခံကျင်းပရေးအတွက် အသေးစိတ်အချက်အလက်တွေကို ညီလာခံ ပူးတွဲကျင်းပရေးကော်မတီ က ထပ်မံဆွေးနွေးသွားမှာဖြစ်ပါတယ်။
၂၁ ရာစုပင်လုံညီလာခံမှာ ပါဝင်ရေးအတွက် AA၊ TNLA နဲ့ MNDAA ကိုးကန့်အဖွဲ့တွေနဲ့ အစိုးရတို့ ထပ်မံညှိနှိုင်း ဖို့လိုဦးမယ်လို့ စိုင်းကျော်ညွန့် က ပြောပါတယ်။
ရွေးကောက်ပွဲ အနိုင်မရတဲ့ ပါတီတွေဘက်က တက်ရောက်ခွင့်ရမယ့် ကိုယ်စားလှယ် ၅ ဦးကို မနက်ဖြန် သြဂုတ်လ ၂၃ ရက်နေ့မှာ ရွေးချယ်မှာဖြစ်ပါတယ်။
DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်က ၂၁ ရာစု ပင်လုံညီလာခံ ပူးတွဲကျင်းပရေးကော်မတီမှာ ပါဝင်မယ့် UNFC အဖွဲ့က ကိုယ်စားလှယ်ဦးရေနဲ့ နာမည်စာရင်းကို လာမယ့် သြဂုတ်လ ၂၅ ရက်နေ့မှာ တင်ပြသွားမယ်လို့ ပြော ပါတယ်။