ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေကို ပါတီ ၂၇ ခု ကန့်ကွက်
2017.11.14

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေကို ကန့်ကွက်ကြောင်း နိုင်ငံရေး ပါတီ ၂၇ပါတီက ပူးတွဲသဘောထား ကြေညာချက်ထုတ်ပြန်လိုက်ပြီး နိုင်ငံတော်သမ္မတရုံးနဲ့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့သွားမယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ နန္ဒာလှမြင့် က ဒီနေ့ ပြောပါတယ်။
ဘာသာပေါင်းစုံဆုတောင်းပွဲတွေမှာ နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင်ရဲ့ပုံရိပ်ကို မြှင့်တင်တဲ့ပုံစံတွေဖြစ်နေ တာဟာ ဥပဒေနဲ့မညီတာကြောင့် ထောက်ပြတာဖြစ်တယ်လို့ ဒေါက်တာနန္ဒာလှမြင့် က ပြောပါတယ်။
"ကျနော်တို့ရဲ့ကြေညာချက်တွေကို သမ္မတရုံးနဲ့ ရွေးကောက်ပွဲကော်မရှင်ကို မိတ္တူပေးသွားမှာ ဖြစ် ပါတယ်၊ ဘာသာရေးဆုတောင်းပွဲသည် နိုင်ငံသားအားလုံးအတွက် ရည်ရွယ်ပြီးတော့ တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့အတွက် ဆောင်ရွက်တယ်ဆိုလို့ရှိရင်လည်း ဘယ်ပါတီရဲ့အရိပ်ကိုမှ လွှမ်းမိုးလို့ မရဘူးလေ၊ နိုင်ငံသားအားလုံးကို ဘာသာအားလုံးကို ကိုယ်စားပြုတဲ့ပုံစံမျိုးဖော်ဆောင်ရမယ်၊ နိုင်ငံရေး အရောင်အသွေးတွေ၊ အသုံးအဆောင်တွေ၊ နိုင်ငံရေးပါတီတစ်ခုရဲ့ခေါင်းဆောင်ကို Promote လုပ်တဲ့ ပုံစံမျိုး ဆောင်ရွက်နေတာသည် ဥပဒေနဲ့ လုံးဝမညီဘူး၊ ဒါ့ကြောင့် ဥပဒေနဲ့အညီဆောင်ရွက်သွားဖို့ လိုတယ်ဆိုတာ ကျနော်တို့က ထောက်ပြတာပါ"
ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံကားချပ်တွေကို ချိတ်ဆွဲကိုင်ဆောင်တဲ့အပြင် NLD ပါတီ အမှတ်တံဆိပ်ကို စင်မြင့်နောက်ခံမှာ ပုံဖော်ပြသတာ၊ ပါတီအမှတ်တံဆိပ် နဖူးစည်းတွေသုံးတာ၊ အနီအောက်ခံနဲ့ ခွပ်ဒေါင်းအလံတွေကိုကိုင်ပြီး ချီတက်ကာ လူစုလူဝေးတွေ၊ ဟောပြောတာတွေ ပြုလုပ်တာတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေဟာ နိုင်ငံရေးကိစ္စအတွက် ဘာသာ သာသနာ ကို အလွဲသုံးစားပြုရာရောက်တယ်လို့ နိုင်ငံရေးပါတီ ၂၇ ပါတီက သုံးသပ်ထားပြီး ဖဲ့ွစည်းပုံအခြေခံ ဥပဒေ ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွေနဲ့အညီ အရေးယူရမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
တောင်ကြီးမှာပြုလုပ်တဲ့ ဆုတောင်းပွဲမှာဆိုရင် အစိုးရဝန်ထမ်းတွေကို မပျက်မကွက်တက်ရောက်ဖို့ ပြည်နယ် အစိုးရ အဖွဲ့က အမိန့်စာထုတ်တာတွေ တွေ့ရကြောင်း၊ အဲဒီလိုလုပ်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ နိုင်ငံသား အခွင့်အရေးတွေကို ဆန့်ကျင်တာဖြစ်ကြောင်းလည်း ရေးသားထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွင်းက ဘယ်နိုင်ငံရေးပါတီမဆို ဥပဒေကို ချိုးဖောက်ရင် ဥပဒေပြဋ္ဌာန်းချက်အတိုင်းဆောင် ရွက်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့တာဝန် ဖြစ်တယ်လို့ လည်း ထောက်ပြထားပါတယ်။
ပူးတွဲသဘောထား ကြေညာချက်ထုတ်ပြန်တဲ့ ပါတီ ၂၇ ပါတီမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီစတဲ့ ပါတီတွေ ပါဝင်ပါတယ်။