အာဏာသိမ်းနှစ်နှစ်အတွင်း KNU နယ်မြေမှာ တိုက်ပွဲပေါင်း ရှစ်ထောင်ကျော်ဖြစ်ပွား
KNU ထိန်းချုပ်နယ်မြေမှာ အာဏာသိမ်းနှစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၈၃၀၈ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုက ဖေဖော်ဝါရီ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
-
RFA Burmese
2023-02-09 -
-
-
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေမှာ အာဏာသိမ်းနှစ်နှစ်အတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့အကြား တိုက်ပွဲပေါင်း ၈၃၀၈ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုက ဖေဖော်ဝါရီ ၉ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။
တပ်မဟာ (၁) နယ်မြေမှာ တိုက်ပွဲ ၈၀၁ ကြိမ်၊ တပ်မဟာ(၂) နယ်မြေမှာ တိုက်ပွဲ ၂၇၇ ကြိမ်၊ တပ်မဟာ (၃) နယ်မြေမှာ တိုက်ပွဲ ၅၂၅ ကြိမ်၊ တပ်မဟာ (၄) နယ်မြေမှာ တိုက်ပွဲ ၁၃၁ ကြိမ်နဲ့၊ တပ်မဟာ (၅) နယ်မြေမှာ တိုက်ပွဲ ၅၆၃၈ ကြိမ်နဲ့ တပ်မဟာ (၆) နယ်မြေမှာ တိုက်ပွဲပေါင်း ၆၆၆ ကြိမ် ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ၆၈၇၆ ဦး သေဆုံးကာ ၅၅၁၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) ဘက်ကလည်း သေဆုံးသူ ၂၁၉ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၀၅ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီစာရင်းတွေဟာ အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ နှစ်နှစ်တွင်း ကောက်ယူထားတဲ့ စာရင်းတွေလို့ ဆိုပါတယ်။
ဒီထုတ်ပြန်ချက်ပါ ကိန်းဂဏန်းအချက်အလက်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။
အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ ကရင်အမျိုးသား အစည်းအရုံးနယ်မြေအတွင်းကနေ ပေါက်ဖွားလာတယ်ဆိုတဲ့ ယူဆချက်ကြောင့် စစ်ကောင်စီတပ်ဟာ ကရင်ပြည်နယ်အတွင်း လေကြောင်း၊ ကုန်းကြောင်းကနေ ထိုးစစ်တွေ နေ့စဉ်နဲ့ အမျှ လုပ်ဆောင်နေတာလို့ ကရင်အမျိုးသားအစည်းအရုံးရဲ့ နိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီးက ၂၀၂၂ ခုနှစ် နိုဝင်ဘာလက RFA ကို ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ ညပိုင်းမှာလည်း စစ်ကောင်စီ စစ်ကြောင်းတွေက ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ တပ်မဟာ (၂) နယ်မြေအတွင်းက အုန်းပင်စုရွာကို လက်နက်ကြီး ပစ်ခတ်ခဲ့ တာကြောင့် အသက် ၄၅ နှစ်အရွယ် ဒေသခံ စောဂျာလူး သေဆုံးကာ၊ သုံးဦးထိခိုက် ဒဏ်ရာရပြီး၊ ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။