ရွာသား ၃ ဦးကိုတိုက်ပွဲနဲ့ ဆက်စပ်ပြီးဖမ်းဆီးထား

ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် မိုင်းနင်းရွာဟောင်းဘက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့က အစိုးရတပ်နဲ့ RCSS /SSA ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီတို့ တိုက်ပွဲနဲ့ ဆက်စပ်ပြီး ဟိုပုံးမြို့နယ်ရဲစခန်းမှာ နမ်းခုတ်ရွာသား ၃ ဦးကို ဖမ်းဆီးထားတယ်လို့ ကျေးရွာဆရာတော်က မိန့်ပါတယ်။

ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် မိုင်းနင်းရွာဟောင်းဘက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့က အစိုးရတပ်နဲ့ RCSS /SSA ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီတို့ တိုက်ပွဲနဲ့ ဆက်စပ်ပြီး ဟိုပုံးမြို့နယ်ရဲစခန်းမှာ နမ်းခုတ်ရွာသား ၃ ဦးကို ဖမ်းဆီးထားတယ်လို့ ကျေးရွာဆရာတော်က မိန့်ပါတယ်။

နမ်းခုတ်ရွာလူကြီးတွေအပါအဝင် ရွာသား ၁၀ ဦးကို ဇူလိုင်လ ၁၈ ရက်နေ့မှာ ဖမ်းဆီးစစ်ဆေးခဲ့ပြီး  ၇ ဦးကို ပြန်လွှတ်ပေးခဲ့တဲ့အတွက် လက်ရှိ ဟိုပုံးမြို့နယ် ရဲစခန်းမှာ ၃ ဦးကျန်ရှိနေတယ်လို့ နမ်းခုတ်ရွာခံ တစ်ဦးဖြစ်ပြီး လက်ရှိ ရှမ်းပြည်နယ် လွိုင်လင်မြို့နယ် နောင်ဟိုးကျောင်းတိုက်မှာ သတင်းသုံးနေတဲ့ ဆရာတော် ဦးပညာဘောဂ က မိန့်ပါတယ်။

"နမ်းခုတ်ရွာသားတွေကတော့ အရင်တုန်းက ၁၀ ယောက်ပေါ့နော။ ၇ လပိုင်း ၁၈ ရက်နေ့မှာ အဖမ်း ခံရတာပေါ့နော်၊ ၂၁ ရက်နေ့ကျတော့ ၅ ယောက်ပြန်လွှတ်တယ်၊ ၂၂ ရက်နေ့ကျတော့ နောက်ထပ် ၂ယောက်ပေါ့၊ အခုလောလောဆယ်ကတော့ ၃ယောက် ကျန်တာပေါ့၊ အဲအခု ၃ ယောက်ကတော့ ဟိုပုံးရဲစခန်းမှာရောက်နေတယ်။ ဒီလာမယ့် သန်ဘက်ခါရုံးထုတ်မယ်"

လက်ရှိ ဟိုပုံးမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ နမ်းခုတ်ရွာသား ၃ ဦးကို ဘယ်အမူနဲ့ ဖမ်းဆီးထားတယ် ဆိုတာမသိရသေးပဲ လာမယ့် သြဂုတ်လ ၁၅ ရက်နေ့မှာ ရုံးထုတ်ဖို့ရှိတယ်လို့ သိရကြောင်း ဆရာတော် ဦးပညာဘောဂ က မိန့်ပါတယ်။

ရွာသားတွေ ဖမ်းဆီးခံထားရတာနဲ့ပတ်သက်ပြီး ဟိုပုံးမြို့နယ် ရဲစခန်းကို RFA က ဆက်သွယ် မေးမြန်းကြည့်ရာမှာ ရဲစခန်းတာဝန်ရှိသူတွေက နမ်းခုတ် ရွာသားတွေကို ဖမ်းဆီးထားတာမရှိဘူးလို့ ပြောပါတယ်။

ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်ထဲမှာ အစိုးရတပ်နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နမ်းခုတ်ရွာ ဘုန်းကြီးကျောင်းမှာ နမ်းခုတ်ရွာ အတွင်းရေးမှူး အပါအဝင် ကျေးရွာ လူကြီးတွေပါ ဖမ်းဆီး စစ်ဆေးခံရတာတွေရှိခဲ့တယ်လို့  နမ်းပုံ တိုက်နယ်ကျေးရွာအုပ်စု ဥက္ကဌ ဦးစုနန္ဒာက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရွာသားတွေရဲ့ အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ဥပဒေရေးရာ အထောက်အကူပြု Justice Drum အဖွဲ့က ကိုအောင်ဇေက RCSS/SSA အဖွဲ့ဟာ NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပေမယ့် နယ်နမိတ် သတ်မှတ်နိုင်ခြင်း မရှိသေးတာကြောင့် ရှမ်းပြည်နယ် အတွင်း တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာဖြစ်တယ်လို့ ပြောပါတယ်။

ဒါကြောင့် နှစ်ဖက်လက်နက်ကိုင်တပ်တွေအနေနဲ့ တွေ့ဆုံညှိနှိုင်းတဲ့နည်းနဲ့သာ ဖြေရှင်းသင့်ပြီး ရွာသားတွေကို ထိခိုက်မှုမရှိအောင် ဆောင်ရွက်သင့်တယ် လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org