ရေဦးမှာ အာဏာသိမ်းနှစ်နှစ်အတွင်း နေအိမ်ပေါင်း သုံးထောင်ကျော် မီးရှို့ခံရ
စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း ရေဦးမြို့နယ်မှာ ရွာပေါင်း ၅၀ က နေအိမ်ပေါင်း ၃၁၇၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
-
RFA Burmese
2023-02-17 -
-
-
စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှာ ရွာပေါင်း ၅၀ က နေအိမ်ပေါင်း ၃၁၇၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ရွာတွေအထဲမှာ အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ရွာမိဿာရွာက ၄၅၂လုံးနဲ့ အများဆုံး မီးရှို့ခံခဲ့ရရတာပါ။ ကက်သလစ်ခရစ်ယာန်တွေ နေထိုင်တဲ့ ချမ်းသာရွာမှာတော့ အိမ်ခြေ ၆၀၀ ထဲက ၄၁၁ လုံး မီးရှို့ခံရပြီး ဒုတိယအများဆုံး ဖြစ်ပါတယ်။
ချမ်းသာရွာ နှစ်နှစ်အတွင်း လေးကြိမ်မီးရှို့ခံခဲ့ရပြီး နောက်ဆုံးတစ်ကြိမ်မှတော့ သက်တမ်း ၁၂၉ သက်တမ်းရှိ ရှေ့ဟောင်းခရစ်ယာန်ဘုရားကျောင်းပါ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
စစ်ကြောင်းဝင်ရောက်တဲ့ ရွာတိုင်းနီးပါးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးတာလို့ လုံခြုံရေးအရ အမည်မဖော်လို့တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပြောရရင်တော့ ရွာကို စစ်ကောင်စီတပ်ကဝင်တိုင်း ရှို့တာပဲ။ မိုင်းထောင်ထောင်၊ မထောင်ထောင်၊ သူတို့ကို ပကဖတွေက ခံပစ်ပစ်၊ မပစ်ပစ် ရှို့တာပဲ။ မုတ်ဆီရွာဆို ဘာမှမဖြစ်ဘဲ ရှို့သွားတာပဲ။ ရွာသစ်အပါအဝင် တချို့ရွာတွေဆို ရွာလုံးကျွတ် မီးရှို့ခံရတာပဲ”
အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ဒေသခံတွေဟာ ယာယီတဲတွေထိုးပြီး နေထိုင်လို့ရပေမယ့် လုပ်ကိုင်စားသောက်ဖို့ အခက်အခဲတွေ ရှိနေသေးတာကြောင့် စားဝတ်နေရေး ခက်ခဲနေတယ်လို့ သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းထဲက ခုခံစစ်ပြင်းထန်တဲ့ မြို့နယ်ပေါင်း ၁၁ မြို့နယ်ကို စစ်အုပ်ချုပ်ရေးနဲ့ ညမထွက်ရအမိန့်တွေ ကြေညာထားပြီး အဲဒီအထဲမှာ ရေဦးမြို့နယ်လည်း ပါဝင်ပါတယ်။
မီးလောက်ပျက်စီးမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့စာရင်းတွေအရ စစ်အာဏာ သိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၄၃,၂၉၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။