ပြည်နယ်ဝန်ထမ်း ၃၃ ဦးကို အရေးယူထား
2017.09.08

မွန်ပြည်နယ်အစိုးရ လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးဌာနက ဝန်ထမ်း ၃၃ ဦးကို မြေယာပြဿနာတွေမှာ ပါဝင်ပတ်သက်တာတွေကြောင့် လက်ရှိအစိုးရသစ်လက်မှာ အရေးယူထားတယ်လို့ ပြည်နယ် စိုက်ပျိုးမွေးမြူရေးနဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။
ဥပဒေချိုးဖောက်တဲ့ မြေစာရင်း ဝန်ထမ်းတွေကို အရေးယူဖို့ ငဲ့ညှာနေစရာ အကြောင်းမရှိဘူးလို့ ဝန်ကြီး ဦးထွန်းဌေးက ဒီကနေ့ ပြည်နယ်လွှတ်တော် အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။
"ကျနော်တို့ မွန်ပြည်နယ်မှာ မြေစာရင်းဝန်ထမ်း အကုန်လုံးဆိုရင် အဝောက် ၄ဝဝ လောက်ရှိတယ်၊ အခု ၃၃ ယောက် အရေးယူလာပြီဆိုရင်တော့ နောက်ထပ်ဘာတွေဆက်ဖြစ်ဦးမလဲတော့ မသိဘူး၊ ကျနော်တို့ ငဲ့ညှာနေစရာအကြောင်းတော့ မရှိဘူး၊ ကျနော်တို့ သိပေးထားဖြစ်တာတော့ရှိတယ်၊ အဲဒီအပေါ်မှာ မူတည်ပြီးတော့ သူတို့အနေနဲ့ လိုက်နာဆောင်ရွက်ဖို့လိုပါလိမ့်မယ်"
လယ်ယာမြေစိစစ်ရေးကော်မရှင်မှာရှိတဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ မြေစာရင်းဌာနကလူတွေ ခွင့်ပြုချက်မရှိဘဲ မြေကွက်ရိုက်ရောင်းတာ၊ မြေယာပိုင်ဆိုင်ခွင့်လုပ်တာတွေကို စစ်ဆေးတွေရှိရင် ဝန်ထမ်းဥပဒေ၊ အရပ်သားဥပဒေတွေအပြင် ငွေကြေးကိစ္စတွေနဲ့ပတ်သက်ရင် အဂတိတိုက်ဖျက်ရေးကော်မရှင်မှာပါ တိုင်တန်းအရေးယူသွားမယ်လို့ ဝန်ကြီးကပြောပါတယ်။
လက်ရှိအရေးယူထားတဲ့ ၃၃ ဦးထဲမှာ ဒုတိယမြို့နယ်မြေစာရင်းဦးစီးမှူးအထိ ပါဝင်ပြီး ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်တာ၊ ထောင်ဒဏ်ချမှတ်တာတွေအထိ အပြစ်ပေး အရေးယူထားတယ်လို့ သိရပါတယ်။
သူတို့အားလုံးဟာ မြေကွက်တွေကို ရောင်းချတာ ဝယ်ယူထားမှုတွေမှာ ပါဝင်ပတ်သက်နေသူတွေဖြစ် ပါတယ်။ ပေါင်မြို့နယ်မှာဆိုရင် မြေစာရင်းဌာန ဝန်ထမ်းတစ်ချို့က လယ်မြေတွေဝယ်ယူကာ လယ်ယာမြေကို အခြားလုပ်ပိုင်ခွင့် မလျှောက်ဘဲ မြေကွက်ဖော်ပြီး ရောင်းချနေတာတွေ ရှိနေတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင် ကပြောပါတယ်။