ရခိုင်ပြည်နယ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ၄၀၀ အထိရှိလာ
ရခိုင်ပြည်နယ်ထဲမှာ ကိုဗစ် - ၁၉ တတိယလှိုင်းကာလအတွင်း ပိုးကူးခံရပြီး သေဆုံးသူ ၄၀၀ ရှိသွားပြီလို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက စက်တင်ဘာလ ၃ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
- 2021-09-03
-
-
-
ရခိုင်ပြည်နယ်ထဲမှာ ကိုဗစ် - ၁၉ တတိယလှိုင်းကာလအတွင်း ပိုးကူးခံရပြီး သေဆုံးသူ ၄၀၀ ရှိသွားပြီလို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စက်တင်ဘာလ ၃ ရက် ဒီကနေ့မှာ သတင်း ထုတ်ပြန်ပါတယ်။
ဒီအထဲမှာ သေဆုံးမှုအများဆုံးက စစ်တွေမြို့ဖြစ်ပြီး ဒီနေ့အထိ သေဆုံးသူ ၉၇ ဦးရှိကာ တောင်ကုတ်မြို့ ကတော့ သေဆုံးသူ ၆၈ ဦးနဲ့ ဒုတိယဖြစ်ပါတယ်။
စစ်တွေမြို့က ဒေသခံတစ်ဦးထံမှာတော့ ကိုဗစ် - ၁၉ မျိုးရိုးဗီဇပြောင်း Delta မျိုးစိတ်ပိုးတွေ့ရှိထားတယ်လို့ ကျန်းမာရေးဌာနဘက်က သြဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
လက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်တွေမှာ ကိုဗစ်ကူးစက်ခံရမှု လျော့နည်းလာပေမယ့် တောင်ပိုင်း ဖြစ်တဲ့ ဂွမြို့နယ်မှာတော့ ပိုးတွေ့လူနာတွေ တစ်နေ့တခြားတိုးလာနေတာကြောင့် စစ်ကောင်စီဘက်က ဒေသန္တရအမိန့်တွေ ထုတ်ပြန်တားမြစ်ထားပါတယ်။
အခုလက်ရှိ ဂွမြို့နယ်ထဲမှာတင် ကိုဗစ်ကြောင့် ဆေးရုံတက်နေရသူ ၁၁၀ ဦးရှိပြီး ရခိုင်ပြည်နယ် တစ်ခုလုံးမှာ ဆေးရုံတက်နေရသူ စုစုပေါင်း ၃၆၅ ဦးရှိနေပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုဗစ် - ၁၉ တတိယလှိုင်းကို ပြီးခဲ့တဲ့ မေလက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး သုံးလကျော် ကာလအတွင်း ကိုဗစ်ကူးစက်ခံရသူ ၄၂၀၀ ကျော်အထိရှိနေပါတယ်။