၄၃၆ ပြင်ဆင်ရေး လက်မှတ်များ ကိစ္စ သတင်းစာရှင်းပွဲ လုပ်မည်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် ကောက်ခံရရှိထားတဲ့ လက်မှတ်တွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့အတွက် ပူးပေါင်းကော်မတီကို ဖွဲ့စည်းမယ်လို့ သိရပါတယ်။
-
2014-08-04 -
-
-
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ကောက်ခံရရှိထားတဲ့ လက်မှတ်တွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့အတွက် ပူးပေါင်းကော်မတီကို ဖွဲ့စည်းမယ်လို့ သိရပါတယ်။
ဗဟန်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးချုပ်မှာ ဒီနေ့ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာလို့ ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။
"၄၃၆ ဆန္ဒခံယူပွဲ ပြီးသွားပြီလေ၊ အဲ့ဒီဟာတွေရဲ့ အဖြေတွေနဲ့ ပြည်သူလူထုကို ဘာရှင်းပြမလဲဆိုတာ အဲဒါလေးဆွေးနွေးကြတာပေါ့ဗျာ၊ ဘာတွေပြောမလဲဆိုတော့ ခဏလေးစောင့်ပေးပါ၊ ကျနော်တို့ သတင်းစာရှင်းလင်းပွဲလုပ်ပါ့မယ်၊ ကျနော်တို့ မနက်ဖြန် ပူးပေါင်းကော်မတီ အစည်းအဝေးထိုင်ပါမယ်၊ အဲဒါထိုင်ပြီးရင် ကျနော်တို့ ပြောနိုင်ပါလိမ့်မယ်၊ ကြေညာချက်တော့ ထုတ်စရာအကြောင်းမရှိဘူး၊ ဒါကတော့ ကျနော့်ခန့်မှန်းခြေပါ"
အဲဒီ အစည်းအဝေးကို NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပါတယ်။
မနက်ဖြန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်းကော်မတီကို ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူလူထုလက်မှတ်တွေကို ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ ကောက်ခံခဲ့တာဖြစ်ပြီး လက်မှတ်ပေါင်း ၅ သန်း နီးပါး ရရှိထားတယ်လို့ အန်အယ်လ်ဒီက ထုတ်ပြန်ကြေညာထားပါတယ်။