ဘင်္ဂလားဒေ့ရှ်ကပြန်လာမယ့်စာရင်းမှာ အကြမ်းဖက်အဖွဲ့ဝင် ၅၄ ဦး ပါဝင်နေ
ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံကို ပေးပို့ထားတဲ့ ဒုက္ခသည် ၈ဝဝဝ စာရင်းထဲက ၆၄၇၂ ဦးကို စိစစ်ပြီးဖြစ်ပြီး အဲဒီထဲက ၅၄ ဦးဟာ အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်ခဲ့တာကို တွေ့ရှိထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက RFA ကို အတည်ပြု ပြောပါတယ်။
-
2018-11-08 -
-
-
Your browser doesn’t support HTML5 audio
ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံကို ပေးပို့ထားတဲ့ ဒုက္ခသည် ၈၀၀၀ စာရင်းထဲက လူဦးရေ ၆၄၇၂ ဦးကို စိစစ်ပြီးဖြစ်ပြီး အဲဒီထဲက ၅၄ ဦးဟာ အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်ခဲ့သူတွေဖြစ်တယ်လို့ တွေ့ရှိထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နိုင်ငံရေးရာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးစိုးဟန် က RFA ကို ဒီနေ့ အတည်ပြု ပြောပါတယ်။
အကြမ်းဖက်မှုတွေမှာပါဝင်ခဲ့သူတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ သင့်တော်တဲ့အရေးယူမှုဆောင်ရွက်ပေးဖို့ မြန်မာဘက်က ပြောထားပေမယ့် လက်ရှိအချိန်အထိ အရေးယူတာမျိုးမရှိသေးကြောင်းလည်း ဦးစိုးဟန် က ပြောပါတယ်။
သူတို့အနေနဲ့ ဘယ်လိုအကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်လုပ်ဆောင်ခဲ့တယ်ဆိုတာကို အသေးစိတ်ထုတ် ဖော်ပြောလို့ မရသေးကြောင်းနဲ့ ဒီလူတွေစာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရထံ ပေးပို့ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာဘက်က စိစစ်ပြီးတဲ့ လူဦးရေ ၆၀၀၀ ကျော်ထဲမှာ အမှန်တကယ်နေထိုင်ခဲ့သူတွေလို့ အတည်ပြုထားသူ ၄၆၀၀ ကျော်ရှိပါတယ်။ အဲ့ဒီထဲက ၂၂၆၀ ဦးကို အခုလလယ်ပိုင်းမှာ ပြန်လည်လက်ခံသွားမှာ ဖြစ်ပါတယ်။
နှစ်နိုင်ငံသဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့တဲ့ လူစာရင်းထဲမှာ လူ ၅၀ ခန့်ဟာ အကြမ်းဖက် အဖွဲ့ဝင်တွေဖြစ်တယ်လို့ မြန်မာဘက်က သတ်မှတ်ကြောင်း ဥရောပ ကော်မရှင်က မနေ့က ကနဦး သတင်း ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရက အခုနှစ် ဇန်နဝါရီလက မူလနေရပ်ကို ပြန်လာလိုသူ ဒုက္ခသည်ဦးရေ ၈၀၃၂ ဦးရဲ့ စာရင်းကို မြန်မာအစိုးရထံ ပေးပို့ခဲ့ပါတယ်။
ဒီလိုပေးပို့ရာမှာ မြန်မာဘက်က သတ်မှတ်ထားတဲ့အတိုင်း ပြန်လာလိုသူတွေဖြည့်ရမယ့် စာရွက်စာတမ်းမှာ လက်မှတ်နဲ့ လက်ဗွေတွေ မပါဝင်ခဲ့တဲ့အတွက် ဒါတွေကို ထည့်သွင်းပေးဖို့ မြန်မာအစိုးရက အကြောင်းပြန်ခဲ့တာ ရှိပါတယ်။
အဲဒီလိုအကြောင်းပြန်ထားချိန်မှာ တဖက်မှာလည်း မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပေးပို့ထားတဲ့ စာရင်းကို ပြည်တွင်းမှာ စစ်ဆေးတာတွေ လုပ်ဆောင်နေခဲ့တယ်လို့ သိရပါတယ်။
အခုနှစ်အောက်တိုဘာလဆန်းပိုင်းအထိ မြန်မာဘက်က နောက်ဆုံးစစ်ဆေးပြီး အခြေအနေကို နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ နိုင်ငံရေးရာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးစိုးဟန် က အခုလိုပြောပါတယ်။
“အောက်တိုဘာလ ၃ ရက်နေ့အထိ ကျနော်တို့စစ်ထားတာ ၆၄၇၂ ယောက်ကို စစ်ပြီးသွားပြီ။ ကျနော်တို့ တွေ့တာက ၄၆၅၄ ယောက်က မြန်မာဘက်မှာနေခဲ့တာမှန်တယ်။ ၁၇၆၄ ယောက်က လုံးဝအထောက်အထား မရှိဘူး။ အကြမ်းဖက်မှုတွေမှာ ပါဝင်တာကိုတွေ့ရတာက ၅၄ ယောက်ရှိတယ်။”
လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက သက်ဆိုင်ရာမြို့နယ်၊ ကျေးရွာတွေက ဒေသအာဏာ ပိုင်တွေနဲ့ ချိတ်ဆက်ပြီး စစ်ဆေးဆောင်ရွက်ခဲ့တာလို့ ပြောပါတယ်။
အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်ခဲ့သူတွေကို အရေးယူဆောင်ရွက်နိုင်ရေးအတွက် မြန်မာအစိုးရဘက်က ဆောင်ရွက်နိုင်မယ့် အနေအထားတွေအပေါ် ညွန်ကြားရေးမှူးချုပ် ဦးစိုးဟန် က အခုလိုရှင်းပြပါတယ်။
“အကြမ်းဖက်လုပ်ငန်းတွေမှာ ဒီလူ ၅၄ ယောက်က ပါဝင်ခဲ့တယ်လို့ပြောတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ သင့်တော်တဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ တရားဝင်ပြောကြားမှုတွေရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က အရေးယူဆောင်ရွက်မှု မတွေ့ရသေးဘူး။ ကျနော်တို့ဘက်ကို ပြန်ရောက်ရင်တော့ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မှုရှိမှာပေါ့။”
မြန်မာဘက်ကစိစစ်ပြီး လူဦးရေ ၆၀၀၀ ကျော်ထဲမှာ ၁၇၀၀ ကျော်က မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားမတွေ့ရသေးသူတွေဖြစ်နေတယ်လို့ ဆိုပါတယ်။
အထောက်အထားမရှိသူတွေနဲ့ ပတ်သက်ပြီး ဘယ်လိုဆက်လက် ဆောင်ရွက်မယ်ဆိုတာကို ဦးစိုးဟန် က အခုလို ဆက်ပြောပါတယ်။
“ဒီ ၁၇၆၄ ယောက်ထဲမှာ ကျနော်နေထိုင်ခဲ့တာ ဘယ်လိုအထောက်အထားရှိပါတယ်ဆိုပြီး သူတို့မှာရှိတဲ့ အထောက်အထားတွေပြခဲ့ရင် ဒါပေါ်မှာ ကျနော်တို့ဘက်က ပြန်စိစစ်ဖို့ရှိပါတယ်။”
နှစ်နိုင်ငံသဘောတူညီချက်အတိုင်း စိစစ်ပြီး ပြန်လာခွင့်ရသူတွေကို မြန်မာအစိုးရအနေနဲ့ နေရပ်အရောက်ပြန်ပို့ မှာဖြစ်ပြီး စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ငွေကြေးထောက်ပံ့ပေးမှာဖြစ်တယ်လို့ ပြောပါတယ်။
နေရပ်ပြန်လာတဲ့ ဒုက္ခသည်တွေကို ကူညီဆောင်ရွက်ဖို့အတွက် ကုလသမဂ္ဂအဖွဲ့အစည်းတွေဖြစ်တဲ့ UNHCR၊ UNDP တို့က ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက ကျေးရွာတွေကို ကွင်းဆင်းလေ့လာမှုတွေ ဆောင်ရွက်နေတာတွေရှိပါတယ်။
ကုလအဖွဲ့အစည်းတွေဟာ ရွာပေါင်း ၅၀ ကျော်သွားရောက်ပြီး ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာရဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးချမ်းအေး က ပြောပါတယ်။
“ကုလသမဂ္ဂနဲ့ပူးပေါင်းပြီး ကွင်းဆင်းတဲ့လုပ်ငန်းတွေ လုပ်နေတယ်။ ရွာပေါင်း ၅၀ ကျော်ပြီးပြီ။ ရွာက ရာကျော် ရှိနေတာ။ ဒီဟာကတော့ ပုံမှန်လုပ်သွားမှာပါ။ သူတို့က ကူညီမယ်ဆိုရင် အကဲဖြတ်မှု အရင်လုပ်ရမယ်ဆိုတော့ အဲဒါတွေလုပ်ခိုင်းနေတာ။ သူတို့ကတော့ အသိပေးနေတာတွေရှိတယ်။ သူတို့ရဲ့တွေ့ရှိချက်တွေကို ကျနော်တို့ကို လည်းပေးတယ်”
ရခိုင်ပြည်နယ်အတွင်းမှာလည်း ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာမယ့် မွတ်စလင်ဒုက္ခသည်တွေကို မောင်တောမြို့ နယ်တောင်ပိုင်းနဲ့ ရသေ့တောင်မြို့နယ်တွေမှာ နေရာချထားမပေးဖို့ ဆန္ဒပြတောင်းဆိုမှုတွေလည်း ရှိနေပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။