နမ့်ဆန်မြို့နယ်မှာ လူ ၅ ဦး ဖမ်းဆီးခံပျောက်ဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မန်ပိန်းကျေးရွာက ဒေသခံ ၅ ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က ဖမ်းဆီးခေါ်ဆောင် သွားတာ အခုထိ အဆက်အသွယ် မရသေးဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
-
2016-08-06 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မန်ပိန်းကျေးရွာက ဒေသခံ ၅ ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က ဖမ်းဆီးခေါ်ဆောင် သွားတာ အခုထိ အဆက်အသွယ် မရသေးဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
မန်ပိန်းကျေးရွာသား ၇ ဦး သီပေါမြို့ကို လက်ဖက်ပို့သွားရာ လမ်းမှာဖမ်းဆီးခံရတာဖြစ်ပြီး ၂ ဦးက ပြန်လည် လွတ်မြောက်လာတယ်လို့ မန်ပိန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအိုက်မြတ် က ပြောပါတယ်။
"သီပေါမြို့ကို ကျနော်တို့လက်ဖက်ပို့တာ ဆိုင်ကယ် ၇ စီးနဲ့၊ ၅ ယောက်အဖမ်းခံရတယ်၊ ၂ ယောက်က ထွက်ပြေးသွားတယ်၊ ခုထိသတင်းဘာမှမကြားရဘူး၊ ကျနော်တို့စုံစမ်းတော့လည်း ခုထိပေါ်မလာသေးဘူး၊ ထွက်ပြေးတဲ့သူကပြောပြတာ၊ စစ်ဝတ်စုံဝတ်ထားတယ်"
ထွက်ပြေးလာတဲ့ဒေသခံ ၂ ဦးက ထပ်မံဖမ်းဆီးခံရမှာကိုစိုးရိမ်တဲ့အတွက် ကျေးရွာမှာ မနေရဲကြဘူး လို့လည်း ဦးအိုက်မြတ်က ပြောပါတယ်။ ကျန်တဲ့ ၅ ဦးနဲ့ ပတ်သက်ပြီး နမ့်ဆန်ရဲစခန်းကို တိုင်ကြားထားတယ်လို့လည်း ပြော ပါတယ်။
နမ့်ဆန်မြို့မှာ အစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေဖြစ်တဲ့ TNLA တပ်နဲ့ RCSS/ SSA တပ်တွေ လည်း ရှိတဲ့ဒေသဖြစ်ပါတယ်။