မန္တလေးမှာ စစ်တပ်က ပစ်လို့ ငါးနှစ်အရွယ် မိန်းကလေး သေဆုံးတယ်လို့ပြော

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်ထဲက အောင်သာယာရပ်ကွက် အုပ်ချုပ်ရေး မှူးရုံး ဗုံးကွဲပြီးနောက် စစ်ကောင်စီတပ်သားတွေရဲ့ လိုက်လံပစ်မှုကြောင့် ငါးနှစ်အရွယ် မိန်းကလေးတစ်ဦး ကျည်ဆန်ထိမှန် သေဆုံးခဲ့တယ်လို့ မန္တလေးမြို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၁ ဒီဇင်ဘာလ ၆ ရက်နေ့ညက စစ်ကောင်စီတပ် ပစ်ခတ်လို့ သေဆုံးသွားတဲ့ မန္တလေးမြို့က ကလေးငယ်ရဲ့နာရေးကို တွေ့ရစဥ် ဓာတ်ပုံ − ပရဟိတမင်းခေါင်လူမှုရေးအသင်း

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်ထဲက အောင်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးကွဲပြီးနောက် စစ်ကောင်စီတပ်သားတွေရဲ့ လိုက်လံပစ်မှုကြောင့် ငါးနှစ်အရွယ် မိန်းကလေးတစ်ဦး ကျည်ဆန်ထိမှန် သေဆုံးခဲ့တယ်လို့ မန္တလေးမြို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၆ ရက် မနေ့ညက အဲဒီရပ်ကွက်ရုံးမှာ ဗုံးကွဲပြီးနောက် စစ်တပ်က သေနတ်တွေနဲ့ ရမ်းသန်း ပစ်ခတ်ခဲ့လို့ ငါးနှစ် အရွယ် မိန်းကလေးရဲ့ ဦးခေါင်းကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့တာလို့ မန္တလေးမြို့ခံ တစ်ဦးက ပြောပါတယ်။

"ရပ်ကွက်ရုံးကို PDF က ဗုံးနဲ့လာပစ်တော့ စစ်သားတွေနဲ့ အပြန်အလှန်ပစ်ကြတယ်။ PDF က၊ ကာပစ်မျိုး တစ်ချက်နှစ်ချက် ပစ်ပြီး ဆုတ်သွားတာ သူတို့က လမ်းကြားတွေထဲထိ လိုက်ပစ်တာမှာ ကလေးမလေးက ခေါင်းကိုထိပြီး ဆုံးသွားတာ"

စစ်ကောင်စီဘက်ကတော့ ရပ်ကွက်ရုံးကို ဆိုင်ကယ်နှစ်စီးနဲ့ လက်ပစ်ဗုံးနှစ်လုံး ပစ်ခတ်ခံရပြီး အဲဒီဗုံးကွဲရာ ကနေ လွင့်လာတဲ့ ဗုံးစထိမှန်တဲ့ဒဏ်ရာကြောင့် မိန်းကလေးငယ် သေဆုံးရတာလို့ သတင်းထုတ်ပြန် ငြင်းဆိုထားပါတယ်။

မနေ့ည ရပ်ကွက်ထဲ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ စစ်သားတွေက “ဒီမိုကရေစီလိုချင်ရင် သူတို့ အုပ်ချုပ်မှုအောက်မှာနေ” ဆိုပြီး ရပ်ကွက်ထဲက ဒေသခံတွေ ကြားအောင် အော်ဟစ်ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သေဆုံးသွားတဲ့ မိန်းကလေးငယ်ကို ဒီနေ့ တောင်အင်းမြောက်အင်း သုဿာန်မှာ မိသားစုဝင်တွေက သင်္ဂြိုဟ်ဖို့ စီစဉ်ထားတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org