တန်းတူညီမျှမှု ကရင်နီတော် လှန်ရေးနေ့မှာ တောင်းဆို
၆၈ နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့အခမ်းအနားကို ကယားပြည်နယ် ဖားဆောင်းမြို့နယ် နန်းကစ်ကျေးရွာမှာ ဒီကနေ့ကျင်းပခဲ့ပါတယ်။
-
2016-08-09 -
-
-
၆၈ နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့အခမ်းအနားကို ကယားပြည်နယ် ဖားဆောင်းမြို့နယ် နန်းကစ်ကျေးရွာမှာ ဒီကနေ့ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို တက်ရောက်လာတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဗဟိုကော်မတီဝင် ခူးထဲဘူး က ကရင်နီအမျိုးသားတော်လှန်ရေးဟာ မြန်မာနိုင်ငံမှာ တန်းတူညီမျှအခွင့်အရေးရှိမှသာ အောင်မြင်မှာ ဖြစ်တယ် လို့ ပြောပါတယ်။
"ကျနော်တို့ရဲ့သီးခြားလွတ်လပ်ရေးဆိုတဲ့ဟာကို အရင်တုန်းကတောင်းဆိုခဲ့တယ်၊ အဲ့ကတ ဆင့်မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံပေါ်ပေါက်လာရေးမှာ ကျနော်တို့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်နယ်ဖြစ်ဖို့ရယ်၊ နောက်လူ့အခွင့်အရေးတွေ၊ တန်းတူညီမျှမှု အခွင့်အရေးတွေ ကျနော်တို့ရတဲ့အချိန်မှာသာလျှင်၊ နောက်ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း လူသားတိုင်း၊ ပြည်နယ်သားတိုင်းကို အကာအကွယ်ပြုနိုင်မယ့် အခြေခံဥပဒေပေါ်ပေါက်လာရင်တော့ အဲ့ချိန်ကျမှအဲ့အဆင့်ကိုရောက်နိုင်ပြီလို့ ပြောချင်ပါတယ်"
အခမ်းအနားမှာ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့အကြောင်းကို ပြောပြခဲ့ပြီး တော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေကို အလေးပြုခဲ့ကြပါတယ်။
၁၉၄၈ ခုနှစ် ဖဆပလအစိုးရလက်ထက်က ကရင်နီပြည် ဒီမောဆိုမြို့နယ် မြလဲကျေးရွာမှာ တိုက်ပွဲဖြစ်ပြီး ကရင်နီအမျိုးသားကောင်စီ ဥက္ကဌ ခူးဘီတူရီ ကျဆုံးခဲ့တဲ့နေ့ကို ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
အခမ်းအနားကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ၊ ကယောနီအမျိုးသားငြိမ်းချမ်းရေးနဲ့တိုးတက်ရေးပါတီ စတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ဒေသခံ ၂၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။