ဇူလိုင် ၇ ရက် အခမ်းအနား မြို့ကြီးတွေမှာလည်း ကျင်းပ
၅၄ နှစ်ပြည့်ပြီဖြစ်တဲ့ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့ ရန်ကုန်တက္ကသိုလ်ကျောင်း သားတွေ သတ်ဖြတ်ခံရမှု နှစ်ပတ်လည် အဖြစ် ရန်ကုန်အပြင် မန္တလေး၊ ပခုက္ကူ၊ မုံရွာမြို့က သမဂ္ဂကျောင်းသားတွေကလည်း လှုပ်ရှားမှုတချို့ ဒီနေ့ပြုလုပ်ခဲ့ကြပါတယ်။
-
2016-07-07 -
-
-
၅၄ နှစ်ပြည့်ပြီဖြစ်တဲ့ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ သတ်ဖြတ်ခံရမှု နှစ် ပတ်လည်အဖြစ် ရန်ကုန်အပြင် မန္တလေး၊ ပခုက္ကူ၊ မုံရွာမြို့က သမဂ္ဂကျောင်းသားတွေကလည်း လှုပ်ရှားမှုတချို့ ဒီနေ့ပြုလုပ်ခဲ့ကြပါတယ်။
မန္တလေးမြို့မှာ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂကဦးစီးပြီး တက္ကသိုလ်ထဲမှာ 7 July အထိမ်း အမှတ် ဟောပြောပွဲပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အခမ်းအနားမှာပြင်ဆင်ထားတဲ့ နောက်ခံ ပိုစတာက 7 July ဆိုတဲ့စာလုံးကို ဆင်ဆာဖြတ်တဲ့အတွက် ခွပ်ဒေါင်းအလံနဲ့အုပ်ထားရပါတယ်။ အခမ်းအနားမှာ စာရေး ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) နဲ့ ကဗျာဆရာ မောင်မှိုင်းလွင် (အင်းဝ) တို့ ပါဝင်ဟောပြောခဲ့ကြပါတယ်။
ပခုက္ကူမြို့မှာတော့ ကျောင်းသားတွေက သံဃာတွေကို ဆွမ်းကပ်အမျှဝေပြီး၊ သွေးပုလင်း ၄၀ ကျော် လှူဒါန်းခဲ့ကြတယ်လို့ ပခုက္ကူတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုယမင်းချစ် က ပြောပါတယ်။
"၅၄ နှစ်မြောက် ၇ ဇူလိုင် အခမ်းအနား လုပ်ရတဲ့အကြောင်းရင်းက သမဂ္ဂအဆောက်အဦထဲမှာ မိမိရဲ့ ရပ်တည်ချက်နဲ့ အသက်တွေ သွေးတွေ မြေခခဲ့ရတဲ့ ကျနော်တို့ ရဲဘော်ရဲဘက်တွေရဲ့ သွေးတွေကို ကျနော်တို့ လေးစားတယ်၊ တန်ဖိုးထားတယ်၊ အဲ့အတွက်ကြောင့် ကျနော်တို့ရဲ့သွေးတွေကို အများပြည်သူကို လှူဒါန်းတယ်၊ အဲ့လိုမျိုးအတွက် ကျနော်တို့လုပ်ကြတာပါ၊ ဘုန်းကြီး ၉ ပါးပင့်ပြီးတော့ ဆွမ်းလည်းကပ်တယ် အမျှဝေတယ် ရေစက်ချတယ်"
ဒါ့အပြင် ဗောဓိမဏ္ဍိုင်ကျောင်းမှာ ဘုန်းကြီး ၉ ပါးကို ဆွမ်းကပ်ခဲ့ပါတယ်။
မုံရွာမြို့မှာတော့ သမဂ္ဂဖြိုခွဲခံရတဲ့ သမိုင်းအကျဉ်းကို ဝေငှပြီး မြစ်ကြီးနားမြို့မှာ မကြာခင်က သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတဲ့ ကွန်ပျူတာတက္ကသိုလ်ကျောင်းသား ဂွမ်ဆိုင်းအောင် အမှုမှန်ဖေါ်ထုတ်ရေး တောင်းဆို ခဲ့ကြတယ်လို့ ဗကသကျောင်းသား ကိုဟိန်းဇော်ဝင်း က ပြောပါတယ်။
"၇ ဇူလိုင် သမိုင်းဖြစ်စဉ်အကျဉ်းနဲ့ နောက်တစ်ခုက ပိုစတာတွေမှာတော့ မောင်ဂွမ်ဆိုင်းအောင် ကိစ္စတစ်ခုပါတယ်၊ အဲ့ဒါပါပဲ"
မုံရွာတက္ကသိုလ်နဲ့ စီးပွားရေးတက္ကသိုလ်ရှေ့တွေမှာ ဒီလှုပ်ရှားမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အလားတူ ထားဝယ်၊ ဟင်္သာတ၊ မော်လမြိုင်မြို့တွေက ဗကသကျောင်းသားတွေကလည်း 7 July အခမ်းအနားတွေ ပြုလုပ်ခဲ့ကြပါတယ်။