၈၈ မျိုးဆက်ကျောင်းသားတွေ ဒလမှာ သောက်သုံးရေလှူဒါန်း
သောက်သုံးရေ ရှားပါးမှုနဲ့ ကြုံနေရတဲ့ ဒလမြို့နယ်ကို ဒီကနေ့ ၈၈ မျိုးဆက်ကျောင်းသားတွေ သွားရောက်ခဲ့ပြီး သောက်သုံးရေ လှူဒါန်းခဲ့သလို ရေရရှိရေးအတွက် ဒေသခံတွေနဲ့ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
-
2012-05-13 -
-
-
ဒလမြို့နယ်မှာ မြေအောက်ရေမှာ ရေငံတွေဖြစ်နေတဲ့အတွက် ဒေသခံတွေဟာ နှစ်ပေါင်းများစွာ ကန်ရေကိုသာ အားထားလာခဲ့ရပါတယ်။ အခုအခါ ရာသီဥတု ပူပြင်းလာပြီး ကန်ရေတွေ ခန်းခြောက်ကုန်တဲ့ အတွက် သောက်သုံးရေ ပြတ်လပ်မှုနဲ့ ကြုံနေရတဲ့ ပြဿနာကို လေ့လာတွေရှိခဲ့ရကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုဂျင်မီက ပြောပါတယ်။
"နှစ်တိုင်း ဒီပြဿနာ ဖြစ်နေတာလေ။ ရေက အဝီစိတွင်းတူးလို့ ရေထွက်ပေမယ့် ရေငံတွေထွက်တယ်။ သောက်သုံးလို့ မရဘူးပေါ့ဗျာ။ သံပေါက်က ရေပိုက်လိုင်းတစ်ခု စီစဉ်ပေးထားတာရှိတာ အဲဒီရေက သုံးလို့ ရပေမဲ့ သောက်လို့မရဘူး။ အဲဒီတော့ ဒလပြည်သူတွေက တလျှောက်လုံး ရေကန်တွေကိုပဲ အားကိုးနေရတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေကနေပြီးတော့ ဒလကို သေသေချာချာလေး ဂရုစိုက်လိုက်ရင် ကျွန်တော် ဖြစ်ပြီလို့ ထင်တယ်ဗျ။ ရေငံကနေ ရေချိုလုပ်တဲ့ နည်းပညာတွေလည်း ရှိနေပြီပဲဗျာ။"
ဒီကနေ့ ဒလမြို့မှာ ကိုယ်ထူကိုယ်ထ ဖွဲ့စည်းထားတဲ့ ရေပေးဝေရေးအဖွဲ့တွေကို သောက်ရေသန့်ပုံး အလုံး ၂၀၀၀ လောက်ကိုလည်း ပေးအပ်လှူဒါန်းခဲ့တယ်လို့ ကိုဂျင်မီက ပြောပါတယ်။
ဒီကနေ့ ဒလမြို့ကို ၈၈ မျိုးဆက် ကျောင်းသားတွေဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဇော်မင်း၊ ကိုကိုကြီး စမ်းချောင်း၊ မနီလာသိန်း၊ မမီးမီးတို့ သွားရောက်ခဲ့ကြောင်း သိရပါတယ်။