ကိုဂျင်မီကိုဖမ်းဆီးစဥ် ရိုက်နှက်သည့်ဒဏ်ရာ စိုးရိမ်ရကြောင်း မိသားစုပြော

စစ်ကောင်စီက ဖမ်းဆီးစဥ်မှာ ရိုက်နှက်တာခံရပြီး ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့ ဆေးရုံတင်ထားရတဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီရဲ့ အသက်အန္တရာယ် စိုးရိမ်နေဆဲဖြစ်တယ်လို့ သူ့ရဲ့ မိသားစုက ပြောပါတယ်။

၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုဂျင်မီ ကို တွေ့ရစဉ်

ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့မှာ စစ်ကောင်စီက အင်အားသုံး ဖမ်းဆီးချိန် ရိုက်နှက်ခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကျော်မင်းယု ခေါ် ကိုဂျင်မီဟာ စစ်ဆေးရုံတစ်ခုမှာ တင်ထားရတယ်လို့ မိသားစုက ဒီနေ့ပြောပါတယ်။

သူဟာ ဦးခေါင်းမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေ တယ်လို့ ဇနီးဖြစ်သူ မနီလာသိန်း က RFA ကို ဒီနေ့မနက်ပြောပါတယ်။

 စစ်ဆေးရုံမှာလို့ သိရတယ်။ လိုက်စုံစမ်းနေတဲ့ဟာကတော့ စိုးရိမ်ရတဲ့ အနေအထားမှာရှိနေတယ်။  ဖမ်းသွားတဲ့သူတွေက စစ်ကောင်စီဖြစ်တဲ့အတွက် အစ်မကတော့ အဆုံးစွန်ထိတော့ တွေးထားတယ်။  ဘာဖြစ်လို့လဲဆိုတော့ အရှေ့မှာလည်း ဖမ်းဆီးခံရတဲ့သူတွေနဲ့ ပတ်သက်ပြီး အမတို့ကြားရတာဟာ သေဆုံး ရင်သေဆုံး မသေဆုံးလို့ရှိရင် သူတို့ရဲ့ မတရား ရိုက်နှက်ညှင်းပန်းနှိပ်စက်ထားတဲ့ဒဏ်တွေကို လူတိုင်း ခံစားရတယ်။ အဲဒီအတွက် အစ်မကတော့ အကုန်လုံးကို ပြင်ဆင်ထားတယ်။ ကိုယ့်ရဲ့စိတ်ကိုလည်း  ပြင်ဆင်ထားတယ်”

ကိုဂျင်မီကို ဖမ်းဆီးလိုက်တဲ့အချိန်ကစပြီး နောက်ဆက်တွဲဖြစ်လာတဲ့အကြောင်းအရာတွေ အားလုံးဟာ စစ်ကောင်စီမှာတာဝန်ရှိပြီး စစ်ကောင်စီကပဲ တာဝန်ယူဖြေရှင်းရမယ်လို့လည်း မနီလာသိန်းက ပြောပါတယ်။

ကိုဂျင်မီ ရိုက်နှက်ဖမ်းဆီးခံရတာနဲ့ ဆေးကုသမှု ခံယူနေရတဲ့အခြေအနေတွေကို စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ အဲဒီအခြေအနေတွေကို ပြောလို့မရသေးဘူးလို့ တုံ့ပြန်ပါတယ်။ ဘာကြောင့် ပြောလို့မရသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။

ကိုဂျင်မီဟာ သူ့ရဲ့ လူသိများတဲ့အခွင့်အရေးကို အသုံးချပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေတဲ့ ရေးသားပြောဆိုချက်တွေကို သူ့ရဲ့ လူမှုကွန်ရက်မီဒီယာတွေမှာ ဖော်ပြနေတာကြောင့် ရာဇသတ်ကြီး ပုဒ်မ - ၅၀၅ (ခ)နဲ့ တရားစွဲထားပြီး ဖမ်းဝရမ်းထုတ်ထားတယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၃ ရက်နေ့က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

၁၉၈၈ အရေးတော်ပုံကစပြီး ရဲဘော်ရဲဘက်တွေလို နိုင်ငံရေးဖြတ်သန်းမှု အတူတူရှိခဲ့ပြီး ဖမ်းဆီးထောင်ချခံရချိန်တွေတုန်းကလည်း ကိုဂျင်မီနဲ့ ထောင်တစ်ထောင်တည်း တစ်ခန်းတည်အတူတူနေခဲ့ရသူ ၈၈ မျိုးဆက် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီးကတော့ ကိုဂျင်မီတို့မိသားစုဟာ ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ အင်မတန်ထူးခြားတဲ့      မိသားစုဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။

စပြီး သတင်းကြားကတည်းက ကျနော်တော်တော်လည်းစိုးရိမ်တယ်။ နောက်တစ်ခုကတော့ သမီးလေး ပေါ့နော်။ တလျှောက်လုံးမှာ အဖေ၊ အမေနဲ့ကို အတူတူနေရတယ်မရှိဘူး။ အဒေါ်တွေ အဖွားတွေနဲ့ ဒီလို မျိုး ကြီးပြင်းရတဲ့ဟာတွေ ဒီကလေးအတွက်လည်း ထပ်ပြီး စိတ်အနာတရဖြစ်မှာမျိုး စိုးရိမ်တယ်။ နီလာ ဆိုတာလည်း တလျှောက်လုံးကို လင်မယားနှစ်ယောက်လုံး ဖြတ်သန်းမှုတွေ အတူတူလုပ်ခဲ့ရတဲ့အခါကျ တော့ သူတို့မိသားစုမှာ နိုင်ငံရေးလှုပ်ရှားမှု ဒီမိုကရေစီရေးလှုပ်ရှားမှုနဲ့ ပတ်သက်ရင်တော့ အင်မတန်ကိုထူးခြားတဲ့ မိသားစုတစ်စုလို့ ပြောလို့ရတယ်”

နိုင်ငံရေးလိုမျိုး အင်မတန်အန္တရာယ်ကြီးတဲ့လုပ်ငန်းတစ်ခုမှာ အနှစ်သုံးဆယ်ကျော် ဆက်တိုက်လုပ်လာတာဖြစ်တာကြောင့် ကိုဂျင်မီရဲ့  ဖြတ်သန်းမှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုဟာ ပေါ်လွင်ပြီးသားဖြစ်ပြီး သူ့ရဲ့ လုပ်ဆောင်ချက် တွေဟာ အမြဲတမ်းအမှတ်တရဖြစ်နေတယ်လို့ သူကဆိုပါတယ်။

"အာဏာရှင်ကို ပြတ်ပြတ်သားသားဆန့်ကျင်တဲ့သူတွေ ပြည်သူလူထုကို မျက်နှာမူတဲ့သူတွေလို့ပဲ ကျနော်ပြောချင်တယ်"

တကသ ကျောင်းသား လူငယ်မျိုးဆက်သစ်ဖြစ်တဲ့ ကိုဇေယျာလွင် ကတော့ ကိုဂျင်မီဟာ အာဏာရှင် ဆန့်ကျင်ရေးမှာ ရပ်တည်ချက်မှန်သူဖြစ်တာကြောင့် ဒီဖမ်းဆီးခံရမှုကို ကျော်ဖြတ်နိုင်ဖို့ ယုံကြည်တယ် လို့ ပြောပါတယ်။

 ၈၈ ထဲကဗျာအခုချိန်မတိုင်ခင်ထိပေါ့ သူတို့က ထောင်နဲ့ အမြဲတမ်းကို ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့သူ တွေ၊ မိသားစု သားသမီး  အဲဒါတွေကို စွန့်ပြီးထောင်မှာ နှစ်ရှည်လများ သူတို့အများကြီးနေခဲ့ကြရတာ။ အခု တစ်ခေါက်က အဲဒီလိုမျိုး နှစ်ရှည်လများ နေမှုပုံစံမျိုး မဟုတ်ဘဲနဲ့ ညှဥ်းပန်းနှိပ်စက်မှုတွေပါပါလာတယ်။ အဲဒီညှဥ်းပန်းနှိပ်စက်မှုတွေကို သူတို့ကောင်းကောင်းကျော်ဖြတ်နိုင်မှာတော့ ကျနော်ယုံကြည်တယ်။ သူတို့က ဘယ်တော့မှ ဖောက်ပြန်မယ့်လူမျိုးမဟုတ်ဘူး။ အာဏာရှင်ကို ပြတ်ပြတ်သားသားဆန့်ကျင်တဲ့သူတွေ ပြည်သူလူထုကို မျက်နှာမူတဲ့သူတွေလို့ပဲ ကျနော်ပြောချင်တယ်”

(၂၀၁၇ ဇွန်လ ၁၉ ရက်နေ့က စာအုပ်မိတ်ဆက်ပွဲမှာ ကိုဂျင်မီကို တွေ့ရစဥ်)

ကိုဂျင်မီဟာ ၁၉၈၈ အရေးတော်ပုံကြီးမှာ ကျောင်းသားတစ်ယောက်အနေနဲ့ တိုက်ပွဲဝင်ခဲ့ပြီး လက်ရှိ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကနေတဆင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ယောက်အနေ နဲ့ ရပ်တည်နေသူပါ။

ရဲရဲတောက် ဂျင်မီလို့ သူငယ်ချင်းတွေက နာမည်ပြောင်ပေးရတဲ့အထိ ရဲရင့်ထက်မြက်ခဲ့တဲ့ ကိုဂျင်မီ ဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းမှုကိုလည်း ပြတ်ပြတ်သားသားဆန့်ကျင်ခဲ့ပါတယ်။

သူဟာ နိုင်ငံရေးယုံကြည်ချက်ကြောင့် ၁၉၈၈ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ တစ်ကြိမ်၊ ၂၀၀၇ ခုနှစ် က နေ ၂၀၁၂ ထိ တစ်ကြိမ် အကျဉ်းချခံရပြီး စုစုပေါင်း ထောင်ထဲမှာ နှစ်ပေါင်း ၂၁ နှစ်လောက် ဖြတ်သန်းခဲ့ရပြီး ဖြစ်ပါတယ်။

အခုနောက်ဆုံး အာဏာသိမ်းစစ်ကောင်စီရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရတဲ့ ကိုဂျင်မီကို ဘယ်စစ်တပ်ဆေးရုံမှာ တင်ထား တယ်ဆိုတာကို တိတိကျကျမသိရသေးသလို သူနဲ့ပတ်သက်တဲ့သတင်းတွေကိုလည်း ဆက်ပြီးစုံစမ်းနေတယ် လို့ မိသားစုက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကလည်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ ဖြစ်လာမယ့် အကျိုးဆက်တွေကို စစ်အုပ်စုအနေနဲ့ တာဝန် ခံရမယ်လို့ ဒီနေ့ညနေမှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ကိုဂျင်မီ ခေါ် ကိုကျော်မင်းယုကို ဖမ်းဆီးရာမှာ စစ်တပ်က အင်အားအလွန်အကျွံသုံးခဲ့သလို ဦးခေါင်းမှာလည်း အသက်အန္တရာယ်စိုးရိမ်ရနိုင်တဲ့ ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကိုဂျင်မီ အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့သူတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ကာကွယ်ပေးဖို့ ကိုလည်း AAPP က တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org