အမေရိကန်အမတ် နဲ့ ၈၈ မျိုးဆက်တွေ့ဆုံ
မြန်မာနိုင်ငံရဲ့အပြောင်းအလဲမှာ လူထုအခြေပြု အဖွဲ့အစည်းတွေ ပါဝင်ခွင့်နဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု ရီပါပလင်ကင်ပါတီ အောက်လွှတ်တော်အမတ် အုပ်ချုပ်မှုဆိုင်ရာ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ David Dreier ဦးဆောင်တဲ့ အဖွဲ့ဟာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တချို့နဲ့ ဒီကနေ့ စနေနေ့ နေ့လည်ပိုင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
-
2012-08-11 -
-
-
အမေရိကန်ဘက်က ပိတ်ဆို့ အရေးယူထားတာတွေကို ပြန်လည်လျှော့ချရေး ဆိုင်ရာ အမေရိကန် လွှတ်တော်ရဲ့ အနေအထားနဲ့ ပတ်သက်လို့ အမေရိကန် လွှတ်တော်အမတ်က ရှင်းပြခဲ့သလို လက်ရှိ ပြည်တွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့လည်း မိမိတို့ ဆွေးနွေးခဲ့ကြတယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုပြုံးချိုက ပြောပါတယ်။
"ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ အခုလက်ရှိ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်မှာ အကျဉ်းထောင်ထဲက ပြန်ထွက်လာပြီးတဲ့နောက် ကြိုးပန်း လုပ်ဆောင်တဲ့ အချက်အလက်တွေကို သူတို့ အနေနဲ့ စိတ်ဝင်စားတယ် ဆိုတဲ့အကြောင်း၊ နောက်ပြီးတော့ ကျနော်တို့ရဲ့ လုပ်ငန်းစဉ်တွေဟာ အပြောင်းအလဲကာလမှာ ဘယ်လောက်အထိ အားသက်ရောက်နိုင်သလဲ။ ဘယ်လိုမျုးိတွေ ရှေ့ဆက်လုပ်သွားဖို့ အစီအစဉ်ရှိလဲ ဆိုတဲ့အကြောင်းတွေ သူတို့ သိချင်တယ်။ နောက်တခုက အပြောင်းအလဲကာလမှာ တကယ်လို့များ နှောင့်နှေးကြန့်ကြာအောင် ဖြစ်နိုင်တဲ့ အချက်အလက်တွေက ဘာတွေ ဖြစ်လာနိုင်သလဲ။ ဒီအချက်အလက်တွေကို သူတို့အနေနဲ့ နည်းလမ်းတွေ ရှာပြီးတော့ သူတို့လည်း ကြိုးပန်း ဆောင်ရွက်ချင်တယ် ဆိုတဲ့ ကိစ္စတွေ ကျနော်တို့ ဆွေးနွေးဖြစ်ပါတယ်။"
အခု ခရီးစဉ်မှာ ရီပါပလင်ကင် ပါတီဝင် အောက်လွှတ်တော်အမတ် David Dreier နဲ့အတူ အမေရိကန်လွှတ်တော်က တာဝန်ရှိသူ (၅) ဦးလည်း လိုက်ပါလာပါတယ်။
ဒီအတောအတွင်းမှာပဲ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုမြအေးနဲ့ ကိုဌေးကြွယ်တို့ဟာ မနက်ဖြန်မှာ ကျင်းပမယ့် ကရင်အာဇာနည်နေ့ အခမ်းအနား ပထမဆုံးအကြိမ် တက်ရောက်ဖို့ ကရင်ပြည်နယ် ကော့ကရိတ်မြို့ကို ရောက်ရှိနေပါတယ်။