ရှစ်လေးလုံးပြတိုက် အစိုးရ ကူညီမည်
2016.07.20

နိုင်ငံတော်အဆင့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ သမိုင်းပြတိုက် တရားဝင်ဖွင့်လှစ်နိုင်ရေးနဲ့ ပတ်သက်တဲ့ ဥပဒေတစ်ရပ်ကို နှစ်နှစ်အတွင်း ပြဌာန်းနိုင်မှာဖြစ်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို က ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ သမိုင်းပြတိုက်(ယာယီ)ကို လာရောက်ပြီး ပြတိုက်တည်ထောင်ရေးအတွက် အကြိုညှိနှိုင်းဆွေးနွေးပြီးနောက် သတင်းမီဒီယာတွေရဲ့ မေးမြန်းမှု ကို ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
"အဆိုတစ်ရပ်ကို ဒီကနေပြီးတော့ ဦးနေဘုန်းလတ် တို့ ဦးဂျင်မီ တို့ ကနေပြီးမှ ဖြစ်နိုင်ရင် ဒီတစ်ပတ် နှစ်ပတ် အတွင်းမှာ အဆိုတစ်ရပ်မူကြမ်းရေးဖို့ဖြစ်ပါတယ်၊ အဲ့ဒီအဆိုမူကြမ်းကို ကျနော်က လွှတ်တော်ရဲ့အင်္ဂါနဲ့ ကိုက်ညီအောင် လိုအပ်သလို ပြင်ဆင်ဖြည့်စွက်ပြီးတော့မှ လွှတ်တော်ကိုတင်မှာဖြစ်ပါတယ်၊ အခုလာမယ့် လွှတ်တော်မှာ တင်သွင်းဖြစ်ဖို့ ကြိုးစားမှာဖြစ်ပါတယ်၊ ၈၈ ရုံးကနေပြီးတော့မှ ဥပဒေရေးထုံးနဲ့ ကိုက်ညီအောင် သူတို့လိုအပ်သလို ပြန်ပြီးတော့မှ စိစစ်ပြီးတဲ့အခါမှာ ပြန်ပို့ပေးမှာဖြစ်ပါတယ်၊ နိုင်ငံတော်အစိုးရကို တင်ပြပါမယ်၊ အစိုးရကနေ အတည်ပြုပြီးတဲ့အခါမှာ လွှတ်တော်ကိုဆက်တင်ပါမယ်၊ လွှတ်တော်ကအတည်ပြုပါမယ်၊ အဲ့အခါမှာဆိုရင် ပြတိုက်နဲ့ပတ်သက်တဲ့ ဥပဒေတစ်ရပ်ကလည်း ၂ဝ၁၆-၁၇ ကာလအတွင်းမှာ ပေါ်ထွက် လာမှာသေချာပါတယ်"
နိုင်ငံတော်အဆင့် ပြတိုက်တည်ထောင်တာဟာ လက်စားချေဖို့ မဟုတ်သလို အတိတ်ကိုပြန်ဖော်ပြီး တုန့်ပြန်လိုတာ မဟုတ်ဘဲ နောင်လာနောင်သားတွေအတွက် သမိုင်းသက်သေအဖြစ် အမှန်အတိုင်းသိစေဖို့ ရည်ရွယ်တာဖြစ်တယ် လို့ ဝန်ကြီးက ပြောပါတယ်။
ရှစ်လေးလုံးသမိုင်းပြတိုက် တရားဝင်ဖြစ်မြောက်လာဖို့အတွက် ပြည်ထောင်စုဝန်ကြီးထံ အဆိုပုံစံရေးသားပေးပို့ ရမှာဖြစ်ပြီး ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံနဲ့ သက်ဆိုင်တဲ့ အထောက်အထားတွေကို အမျိုးသားပြတိုက် ညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်း က ကူညီစုဆောင်းပေးမှာဖြစ်ပါတယ်။
၈၈ အရေးတော်ပုံနဲ့ မျိုးဆက်တွေ ပေါ်ပေါက်လာတဲ့အတွက် NLD ပေါ်ထွန်းလာရပြီး ဒီမိုကရေစီ ဖြစ်တည်လာရ တာ ဖြစ်တယ်လို့ ရှစ်လေးလုံး သမိုင်းပြတိုက်(ယာယီ)ရဲ့ဧည့်မှတ်တမ်းမှာ ပြည်ထောင်စုဝန်ကြီးက အမှတ်တရ လက်မှတ်ရေးထိုးရေးသားခဲ့ပါတယ်။
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ယာယီသမိုင်းပြတိုက်ကို ပြီးခဲ့တဲ့နှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုနဲ့ ၈၈ မျိုးဆက်ငြိမ်ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တွေဟာ နိုင်ငံတော်အဆင့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ သမိုင်းပြတိုက် တရားဝင် ဖွင့်လှစ်နိုင်ရေးအတွက် ဒီနေ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က ယာယီပြတိုက်မှာ ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ RFA သတင်းထောက် ကိုအောင်သိင်္ခ က တင်ပြထားပါတယ်။