နယ်မြို့ကြီးတွေက ၈၈ အခမ်းအနားများ

၂၃ နှစ်မြောက် ၈ လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနားတွေကို မန္တလေးနဲ့ အထက် မြန်မာပြည် မြို့ကြီးတွေမှာလည်း ဒီကနေ့ ကျင်းပခဲ့ပါတယ်။

မန္တလေးမြို့ မစိုးရိမ် ကန်တက်ကုန်း ကျောင်းတိုက်မှာ ပြုလုပ်တဲ့ အခမ်းအနားကို ၈၈ မျိုးဆက် ကျောင်းသူ ကျောင်းသားတွေ အပြင် မြို့ခံ စာရေးဆရာ၊ ကဗျာဆရာတွေလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့နယ်မှာလည်း ၈ လေးလုံး နှစ်ပတ်လည်နေ့ အဖြစ် နိုင်ငံရေး အကျဉ်းသားတွေ အိမ်ကို သွားပြီး ငွေကြေး ထောက်ပံ့ကူညီတာ အပါအဝင် လူငယ်တွေ၊ ၈၈ မှာ ပါဝင်ခဲ့သူ လူကြီးများနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း မြို့နယ် အန်အယ်လ်ဒီ စည်းရုံးရေး အဖွဲ့ဝင် ဦးအေးခိုင်က ရှင်းပြပါတယ်။

ဒီလှုပ်ရှားမှုကို အာဏာပိုင်တွေ စောင့်ကြည့် သတင်းယူတာ ရှိပေမယ့် အနှောင့်အယှက် မပြုခဲ့ဘူးလို့ သိရပါတယ်။ မကွေးတိုင်း ရေနံချောင်းမြို့က ၈ လေးလုံး အရေးတော်ပုံမှာ ကျဆုံးသွားသူတွေကို တမိနစ် ငြိမ်သက် အလေးပြုခဲ့ကြကြောင်း၊ ဒီမိုကရေစီဆိုတဲ့ အသံကို တပြည်လုံးအနှံ့ ပျံ့နှံ့အောင် ၈ လေးလုံးက စွမ်းဆောင်နိုင်ခဲ့ကြောင်း၊ အရင်းအနှီး ကြီးစွာ ပေးဆပ်ခဲ့ရတဲ့ အရေးတော်ပုံကြီး ဖြစ်တဲ့အတွက် ဒီလို ပေးဆပ်ခဲ့သူတွေ ရည်မှန်းထားတဲ့ ပန်းတိုင်ရောက်အောင် ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်တယ်ဆိုတဲ့ အကြောင်းတွေကို ဆွေးနွေး ပြောဆိုခဲ့ကြောင်း မြို့နယ် အန်အယ်လ်ဒီ စည်းရုံးရေးအဖွဲ့ဝင် ဦးသန်းအောင်က ပြောပြပါတယ်။

အလားတူ စစ်ကိုင်းမြို့မှာ မြို့နယ် ၇ မြို့နယ်က အဖွဲ့ဝင်တွေ ပူးပေါင်း ပြီး ဝါဆိုသင်္ဃန်း ကပ်လှူခဲ့ကြကြောင်း မန္တလေးတိုင်း အန်အယ်လ်ဒီအဖွဲ့ဝင် ဦးကိုကိုကြီးက ပြောပါတယ်။

ဒီအခမ်းအနားမှာ နယ်စပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး၊ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် ပြန်လွှတ်ပေးရေး၊ ဦးသိန်းစိန် အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့အကြား စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်ထွန်းရေး စတဲ့ ဆုံးဖြတ်ချက် (၃) ရပ်ကိုလည်း ချမှတ်ခဲ့တယ်လို့ ဦးကိုကိုကြီးက RFA ကို ပြောပါတယ်။

ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာ ကျင်းပပြုလုပ်တဲ့ ပွဲတွေအကြောင်း RFA သတင်းထောက် ကိုအောင်မိုးမြင့် သတင်း ပေးပို့ထားတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတွေမှာ ကျင်းပတဲ့ အထိမ်းအမှတ်ပွဲတွေ အကြောင်း RFA သတင်းထောက် မရွှေဇင် သတင်း ပေးပို့ထားတာကိုလည်း နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org