၈၈ လှုပ်ရှားမှု အခမ်းအနားများ ရန်ကုန်မှာ ကျင်းပ

ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ၂၃ နှစ်မြောက် ၈၈ ဒီမိုကရေစီရေး လှုပ်ရှားမှု နှစ်ပတ်လည် အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရဟန်းရှင်လူ ပရိသတ် စုစုပေါင်း ထောင်ဂဏန်း အထိ တက်ရောက်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တွင် ၂၀၁၁ ခုနှစ် ကြဂုတ်လ ၈ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သော ၂၃ နှစ်မြောက် ၈၈ ဒီမိုကရေစီရေး လှုပ်ရှားမှု နှစ်ပတ်လည် ဆွမ်းကပ်လှူပွဲကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အလွှာပေါင်းစုံက ပရိသတ်များ တက်ရောက်နေကြစဉ်။ AFP

ရန်ကုန်မြို့ ကြည့်မြင်တိုင် မြို့နယ် သာဓုပရိယတ္တိ စာသင်တိုက်မှာ မနက် ၈ နာရီ ကနေ နေ့လည် ၁၂ နာရီအထိ ကျင်းပရာမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝါရင့် နိုင်ငံရေးသမားကြီးတွေ၊ ၈၈ မျိုးဆက် ကျောင်းသား ကျောင်းသူ တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီ တချို့က ခေါင်းဆောင်တွေနဲ့ ရဟန်းရှင်လူ ပရိသတ်တွေ တက်ရောက်ခဲ့ ပါတယ်။ ဒီအခမ်းအနားမှာ အလှူဒါနပြုတာ အပါအဝင် အောက်မေ့ဘွယ် အခမ်းအနားနဲ့ မေတ္တာပို့ ဆုတောင်းတာတွေ ပါဝင်ခဲ့တယ်။

သံဃာ ၁၂၈ ပါးကို ဆွမ်းကပ်လှူခဲ့ပြီး ဒီသံဃာတော်တွေထဲမှာ ၂၀၀၇ သံဃာ့အရေး အခင်း အတွင်း ဖမ်းဆီး အကျဉ်းချခံရပြီး ပြန်လွတ်လာတဲ့ သံဃာ ၁၀ ပါးလည်း ပါဝင် ပါတယ်။

မနက် ၉ နာရီမှာ သင်္ကန်း ကပ်လှူပြီး အမျှပေးဝေခဲ့ကြောင်း၊ နိုင်ငံရေး အကျဉ်းသား ပြန်လည် လွတ်မြောက်ရေးနဲ့ ၈၈ အရေးအခင်းမှာ ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူတွေအတွက် ရည်စူးပြီး တမိနစ်ငြိမ်သက် ဆုတောင်း အမျှပေးဝေခဲ့ကြောင်း၊ ပြည်တွင်းစစ် ရပ်စဲရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အမြန်ဆုံး ပြန်လည် ဖြစ်မြောက်ရန်တို့ကို အားလုံးက ဆုတောင်းခဲ့ကြကြောင်း နိုင်ငံရေး အကျဉ်းသူဟောင်း မခင်မိုးအေးက ပြောပါတယ်။ ဒီ အခမ်းအနားကို ဘယ်သူ ဘယ်အဖွဲ့က ဦးစီးလုပ်တာ မဟုတ်ဘဲ ၈၈ တုန်းကလို အလွှာစုံက ပါဝင် တက်ရောက်တယ်လို့ သိရပါတယ်။

အခုလို လူပရိတ်သတ်များတာဟာ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်လာတဲ့အတွက် လူအများက လာရောက် အားပေးတာကြောင့် ဖြစ်တယ်လို့ စာနယ်ဇင်းသမား တဦးက ပြောပါတယ်။ ရှစ်ဆယ့်ရှစ်မှာ ကျဆုံးသွားတဲ့ ကျောင်းသားပြည်သူ ရဟန်းရှင်လူတွေ အတွက် ကုသိုလ်ဒါန လုပ်တဲ့ပွဲ ဖြစ်ပြီး အမှာစကား ပြောကြားတဲ့ အစီအစဉ် မပါဝင်ဘူး လို့သိရပါတယ်။

၈၈ ဒီမိုကရေစီအရေးအခင်း ၂၃ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွေကို ရန်ကုန်မြို့ တခြားနေရာ တွေမှာ လည်း ကျင်းပပါတယ်။

မြောက်ဥက္ကလာပ မြို့နယ် ဘုန်းကြီးလမ်းက ဦးအေးကြည် နေအိမ်မှာ မနက် ၁၀ နာရီမှာ စတင်ခဲ့ပြီး ၂၀၀၇ ခုနှစ် သံဃာ့ အရေးအခင်းမှာ ပေါ်ထွက်လာခဲ့တဲ့ မျိုးဆက်သစ် ကျောင်းသားတွေနဲ့ နိုင်ငံရေး အသိုင်းဝိုင်းက လူပုဂ္ဂိုလ်တွေ တက်ရောက်တယ်လို့ သိရပါတယ်။

ဒီအခမ်းအနားမှာ သံဃာတော်တွေကို ဆွမ်းနဲ့ ဝါဆိုပန်းကပ်တာ၊ ၁၉၈၈ အရေးအခင်း ကာလအတွင်း ကျဆုံးခဲ့တဲ့ ဒီမိုကရေစီ ဆန္ဒပြ တောင်းဆိုခဲ့သူတွေကို ရည်စူးပြီး မေတ္တာပို့ဆုတောင်းတာတွေပြုလုပ်ခဲ့တယ်လို့ ပွဲစီစဉ်တဲ့ ၂၀၀၇ မျိုးဆက်ကျောင်းသား ကိုဝေဠုက ပြောပါတယ်။

အလားတူပဲ ပုဇွန်တောင်မြို့နယ်မှာ ၈၈ မျိုးဆက်ကျောင်းသား ကိုကြည်ဝင်း ဦးဆောင်ကျင်းပတဲ့ အလှူပွဲတရပ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ဒီပွဲကို ၈၈ မျိုးဆက်ကျောင်းသားတချို့နဲ့ မိသားစုဝင် ၃၀ ခန့် တက်ရောက်တယ်လို့ သိရပါတယ်။

ရန်ကုန်မှာ ကျင်းပတဲ့ ၈၈ ဒီမိုကရေစီအရေးအခင်း ၂၃ နှစ်ပြည့် အခမ်းအနားအကြောင်း အာအက်ဖ်အေ ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က ထိုင်းနိုင်ငံဘန်ကောက်မြို့ကနေ သတင်းပေး ပို့ထားတာကိုလည်း နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဒီအခမ်းအနားနဲ့ ပတ်သက်လို့ တက်ရောက်ခဲ့တဲ့ သံဃာတော်တွေနဲ့ နိုင်ငံရေးလှုပ်ရှားသူ တချို့ကို ဆက်သွယ်ပြီး ကိုဇော်မိုးကျော် စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org