အမျိုးသားပြန်လည်သင့်မြတ်ရေး ၈၈ မျိုးဆက် ကျောင်းသားတွေ တိုက်တွန်း
အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် နိုင်ငံရေး အင်အားစုတွေ အားလုံး လက်တွဲ ပူးပေါင်း ဆောင်ရွက်ကြဖို့ ၈၈ မျိုးဆက် ကျောင်းသားတွေက တိုက်တွန်းလိုက်ပါတယ်။
-
2011-02-10 -
-
-
ဒီမိုကရေစီ အင်အားစုများ၏ အထွေထွေ ရွေးကောက်ပွဲ အနိုင်ရ နှစ်ပတ်လည်နေ့ ဖြစ်သော ၂ဝဝ၇ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ပါဝင်ဆင်နွှဲနေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ပါသည်။
(RFA)
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံရေး အင်အားစုတွေ အားလုံး လက်တွဲ ပူးပေါင်း ဆောင်ရွက်ကြဖို့ ၈၈ မျိုးဆက် ကျောင်းသားတွေက တိုက်တွန်းလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်မယ့် ပြည်ထောင်စုနေ့ အချိန်နဲ့ တိုက်ဆိုင်ပြီး ထုတ်ပြန်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ ကြေငြာချက်မှာ အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
အမျိုးသား သွေးစည်းညီညွတ်မှုကို ဖေါ်ပြနိုင်ခဲ့တဲ့ ပင်လုံစာချုပ် ချုပ်ဆိုခဲ့တာ မကြာမီ ၆၄ နှစ် ပြည့်တော့မှာ ဖြစ်ကြောင်း၊ ဒါပေမယ့် ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လက်နက်ကိုင် ပဌိပက္ခတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေတဲ့ ကိစ္စဟာ အမျိုးသား စည်းလုံးညီညွတ်ရေး ပျက်ပြားနေတာကို ထင်ထင်ရှားရှား သက်သေပြနေကြောင်း၊ ကြေငြာချက်နဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းရာမှာ ၈၈ မျိုးဆက် ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုစိုးထွန်းက ပြောပါတယ်။
တိုင်းပြည်မှာ နိုင်ငံရေး တည်ငြိမ်မှုကို ဖန်တီးနိုင်မှာ မဟုတ်သလို ဒီမိုကရေစီ နိုင်ငံကို ထူထောင်ရာမှာ အခက်အခဲများစွာ ရှိမှာ ဖြစ်ကြောင်း၊ ဒီ အခက်အခဲတွေကို အကောင်းဆုံး ဖြေရှင်းနိုင်မဲ့ နည်းလမ်းဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး တည်ဆောက်ဖို့ လိုအပ်တဲ့အတွက် အလေးအနက် တိုက်တွန်း တောင်းဆိုကြောင်း ကိုစိုးထွန်းက ပြောပါတယ်။
အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဖေါ်ဆောင်နိုင်ဖို့အတွက် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့လိုအပ်ကြောင်း။
အခုအခါမှာ အစိုးရသစ် တစ်ရပ်လည်း ပေါ်ထွန်း လာတော့မှာ ဖြစ်တဲ့အတွက် ဒီအစိုးသစ်
အနေနဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေငြာပီး နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ လိုအပ်ကြောင်းကို ၈၈ မျိုးဆက် ကျောင်းသားတွေက လှုံဆော် တိုက်တွန်းထားပါတယ်။
၁၉၈၈ ဒီမိုကရေစီ အရေးအခင်းမှာ ဦးဆောင် ကျောင်းသားတွေ ဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ စတဲ့သူတွေဟာ နယ်အသီးသီးက အကျဉ်းထောင်တွေမှာ နှစ်ရှည် ထောင်ဒဏ်တွေနဲ့ ပြစ်ဒဏ်ချ ခံနေရပါတယ်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစိုးထွန်းကို ကိုဇော်မိုးကျော်က ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
ကိုစိုးထွန်းနှင့်ဆက်သွယ်မေးမြန်းချက် |
|
အသံဖိုင်ယူရန် |