ဇူလိုင် ၇ ရက် အခမ်းအနား ၈၈ ရုံးချုပ်မှာကျင်းပ
နှစ် (၅၀) ပြည့် ဇူလိုင် ၇ ရက် အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာ ရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးချုပ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
-
2012-07-07 -
-
-
ဒီအခမ်းအနားမှာ ကျောင်းသားကျောင်းသူ တချို့ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဦးသိန်းစိန် အစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲမှု မရှိသေးဘူးဆိုရင် စစ်အစိုးရလက်ထက်ကလို လွန်ဆွဲမှုတွေ ပြန်လည် ဖြစ်ပေါ်လာနိုင်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။
"ကျနော်တို့ကို အသုံးချခြင်း မချခြင်းဆိုတာ တိုင်းပြည် ဒီမိုကရေစီ တကယ်ရမှာလား။ လူ့ဂုဏ်သိက္ခာပြည့်ဝတဲ့ နိုင်ငံတော် ဖြစ်မှာလား။ နောက်မျိုးဆက်တွေအတွက် အာမခံ လုံခြုံတဲ့ တိုင်းပြည် ဖြစ်တယ်ဆိုရင် ကျနော်တို့ ဘာမဆို ပေးဆပ်ဖို့ အသင့်ပဲ။ အဲဒါတွေနဲ့ ဆန့်ကျင်မယ်ဆိုလို့ ရှိရင်တော့ ကျနော်တို့ သူတို့နဲ့ အားပြိုင် လွန်ဆွဲရမယ်။ ကျနော်တို့ အင်အားရှိသမျှ မှန်မှန်ကန်ကန် ပြုပြင်ပြောင်းလဲတဲ့သူတွေနဲ့ အတူ လွန်ဆွဲပွဲကြီးကို နောက်တကြိမ် ပြန်ပြီးတော့ ကျင်းပရပါလိမ့်မယ်။"
၈၈ ကျောင်းသား ခေါင်းဆောင်ကိုဌေးကြွယ် ကလည်း ဦးသိန်းစိန် အစိုးရ အနေနဲ့ ဒီမိုကရေစီကို အမှန်တကယ် တည်ဆောက်နေတယ် ဆိုရင် စစ်အစိုးရ လက်ထက်ကလို ခြိမ်းခြောက်မှု၊ မတရား ဖမ်းဆီးမှုတွေ မလုပ်ဆောင် သင့်တော့ကြောင်းနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောပါတယ်။
နှစ် ၅၀ ပြည့် ဇူလိုင် ၇ ရက် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပဖို့ စီစဉ်ခဲ့ကြတဲ့ ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်းနဲ့ မဖြိုးဖြိုးအောင်တို့ကို အာဏာပိုင်တွေက မနေ့ည ကတည်းက ဖမ်းဆီးထားဆဲ ဖြစ်ပြီး၊ ဒီကနေ့ ညပိုင်းမှာ ပြန်လွှတ်ပေးလိမ့်မယ်လို့ သတင်းတချို့ ထွက်ပေါ်နေပေမယ့် အာဏာပိုင်တွေရဲ့ တရားဝင် ပြောကြားမှုတော့ မရရှိသေးပါဖူး။
ဇူလိုင် ၇ ရက်နှစ်ပါတ်လည် အခမ်းအနား ကျင်းပဖို့ စီစဉ်မှုကြောင့် ရန်ကုန်မြို့မှာ ကျောင်းသားခေါင်းဆောင် (၄)ယောက်၊ မန္တလေးမြို့မှာ (၄)ယောက်၊ မြင်းခြံမြို့မှာ (၇) ယောက်၊ မုံရွာမြို့မှာ (၄) ယောက်၊ လားရှိုးမြို့မှာ (၃) ယောက်၊ စစ်ကိုင်းမြို့မှာ (၁) ယောက် စုစုပေါင်း ကျောင်းသားခေါင်းဆောင် (၂၃) ဦးကို မနေ့ညက အာဏာပိုင်တွေ ဖမ်းဆီးခဲ့တယ်လို့ ဗကသ ကျောင်းသားတွေက ပြောပါတယ်။ အခမ်းအနားကို NLD ပါတီခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဝင်းတင်နဲ့ (၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ စုစုပေါင်း လူအင်အား (၃၀၀) လောက် တက်ရောက်ခဲ့ပါတယ်။
နောက်ဆုံးရရှိတဲ့ သတင်းတွေအရ အဖမ်းခံရသူတွေ ပြန်လွတ်လာပြီလို့ လည်း သိရပါတယ်။