အပစ်ရပ် ၈ ဖွဲ့နဲ့ တပ်မတော် တွေ့ဆုံဖို့ စီစဉ်
လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး၊ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး ကိစ္စရပ်တွေကို တပ်မတော်နဲ့ အလွတ်သဘော ဆွေးနွေးနိုင်ဖို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ က စီစဉ်နေတယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဒီနေ့ ပြောပါတယ်။
-
2017-12-10 -
-
-
လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး၊ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး ကိစ္စရပ်တွေကို တပ်မတော်နဲ့ အလွတ်သဘော ဆွေးနွေးနိုင်ဖို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ က စီစဉ်နေတယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဒီနေ့ ပြောပါတယ်။
လာမယ့် ဇန်နဝါရီလမှာ ကျင်းပမယ့် တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ မတိုင်ခင် တပ်မတော်က တာဝန်ရှိသူတွေနဲ့ အလွတ်သဘောတွေ့ဆုံနိုင် ဖို့ စီစဉ်နေတာဖြစ်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။
"ကျနော်တို့ လုံခြုံရေးကဏ္ဍက ငြိမ်းချမ်းရေးညီလာခံမှာပဲ ဆွေးနွေးခွင့်ပြုတော့ ဆွေးနွေးချိန် တိုတဲ့အခါမှာ ညှိနှိုင်းရတာ အခက်အခဲရှိတယ်။ ဒါကြောင့် ကျနော်တို့က ဆွေးနွေးချိန်လေးရအောင် လာမယ့် တတိယ အကြိမ် ၂၁ ရာစု ပင်လုံညီလာခံမတိုင်ခင် အကြိုတွေ့ထားပြီးတော့ တရားဝင်တွေ့တဲ့ အခါ ချောချောမွေ့မွေ့ နဲ့ အဖြေရအောင်ပေါ့ဗျာ"
အဲဒီလိုတွေ့ဆုံနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ဘက်က ကိုယ်စားလှယ် ၆ ဦးပါတဲ့ အဖွဲ့ကို ဖွဲ့စည်း လိုက်ပြီး အဲဒီအဖွဲ့မှာ PLNO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာလည်း ပါဝင်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က တွေ့ဆုံပွဲမှာ ဆွေးနွေးမယ့် ခေါင်းစဉ်တွေ၊ အချက်အလက်တွေ ကို ပြင်ဆင်ပြီး ဖြစ်ပေမယ့် အစိုးရနဲ့ တပ်မတော် ဘက်ကို တွေ့ဆုံမယ့် အချိန်နဲ့ နေ့ရက်ကို အတည်မပြုနိုင်သေးဘူး လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကပြောပါတယ်။
တပ်မတော်နဲ့ အလွတ်သဘောတွေ့ဆုံဖို့ စီစဉ်ဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ လာမယ့် ဒီဇင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ တွေ့ဆုံကြ ရာမှာ တင်ပြပြီး အတည်ပြုချက်ရယူသွားမှာ ဖြစ်ပါတယ်။