ကယားပြည်နယ်မှာ ပြည်သူဘက်က ၉၃ ဦးသေဆုံးခဲ့တယ်လို့ PKPF ထုတ်ပြန်

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီနေ့အချိန်အထိ ခုနှစ်လကျော် ကာလအတွင်း ကယားပြည်နယ်မှာ တိုက်ပွဲပေါင်း ၇၃ ကြိမ်ဖြစ်ခဲ့ပြီး အရပ်သား ၉၃ ဦးသေဆုံးကာ ၁၂၄ ဦးကို ဖမ်းဆီးပြီး တရားစွဲဆိုထားတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF) က စက်တင်ဘာလ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါတဝီဂိတ်မှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ၂၀၂၁ မေလ ၂၂ရက်နေ့က တိုက်ပွဲဖြစ်ပွားစဉ် Photo: Progressive Karenni People Force - PKPF

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီနေ့အချိန်အထိ ခုနှစ်လကျော် ကာလ အတွင်း ကယားပြည်နယ်မှာ တိုက်ပွဲပေါင်း ၇၃ ကြိမ်ဖြစ်ခဲ့ပြီး အရပ်သား ၉၃ ဦးသေဆုံးကာ ၁၂၄ ဦးကို ဖမ်းဆီးပြီး တရားစွဲဆိုထားတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က စက်တင်ဘာလ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဒီးမော့ဆိုမြိုနယ်မှာ ၂၃ ကြိမ်၊ လွိုင်ကော်မြို့မှာ ၁၃ ကြိမ်၊ ဖယ်ခုံမြို့နယ်နဲ့ ဖရူဆိုမြို့နယ်မှာ ကိုးကြိမ်စီ၊ လွိုင်လင်လေးမြို့မှာ ရှစ်ကြိမ်၊ မိုးဗြဲမြို့နဲ့ ဘောလခဲမြို့မှာ ငါးကြိမ်စီနဲ့ ဖားဆောင်းမြို့နယ်မှာ တစ်ကြိမ် စုစုပေါင်း ၇၃ ကြိမ် တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ်သား ၇၁ ဦး သေဆုံးခဲ့ရသလို စစ်ဘေးရှောင်နေစဉ်မှာ သေဆုံးသူငါးဦး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နဲ့ လက်နက်ကိုင်အဖွဲ့ အချို့ဘက်က ၁၆ ဦးနဲ့ ဆန္ဒပြသပိတ်တွေ ပြုလုပ်ချိန်မှာနှစ်ဦး စုစုပေါင်း ပြည်သူတွေဘက်က ၉၃ ဦး သေဆုံးခဲ့တယ်လို့ PKPF ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ပြည်သူတွေဘက်က တစ်ရာနီးပါး သေဆုံးခဲ့တယ်လို့ PKPF ကထုတ်ပြန်ပေမယ့် RFA အနေနဲ့ အရေအတွက် တိတိကျကျကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ဖမ်းဆီးတာခံထားရတဲ့ ဒေသခံတွေထဲမှာ တပ်မတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံရသူ ၁၀၇ ဦး၊ လူသတ်မှု ဥပဒေပုဒ်မ ၃၀၂ နဲ့ ခုနှစ်ဦး၊ လက်နက်ဥပဒေပုဒ်မ ၁၉ (စ) နဲ့ ခြောက်ဦး၊ မတရားအသင်း ဥပဒေပုဒ်မ ၁၇ (၁) နဲ့ လေးဦး စုစုပေါင်း ဒေသခံ ၁၂၄ ဦးကိုလည်း အမှုတွေ အသီးသီးဖွင့်ပြီး တရားစွဲဆိုထားတယ်လို့ PKPF ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်ကောင်စီဘက်ကတော့ ကယားပြည်နယ်မှာ အရပ်သားတွေ ပစ်ခတ်ခံရပြီး သေဆုံးတဲ့ ကိစ္စအပေါ် သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org