၉၅ နှစ်မြောက် အမျိုးသားနေ့ NLD ရုံးချုပ်မှာ ကျင်းပ

၉၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ဒီကနေ့ ဒီဇင်ဘာ ၆ ရက်နေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်းမှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။

ဒီဇင်ဘာ ၆ ရက်နေ့က ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ကျင်းပတဲ့ ၉၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားတွင် အဖွဲ့ချုပ်နာယက ဦးတင်ဦးက အဖွင့်မိန့်ခွန်း ပြောကြားနေစဉ် Photo: Aung Thain Kha/ RFA

၉၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ဒီကနေ့ ဒီဇင်ဘာ ၆ ရက်နေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်းမှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သန္နိဋ္ဌာန်မှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ဖြစ်ပြီး ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးတို့ ဖြစ်ကြောင်း အဖွဲ့ချုပ်နာယက ဦးတင်ဦးက အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

"အမျိုးသားပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးလဲပဲကြိုးပမ်း နေပါတယ်၊ ဒီအခြေအနေ ကိုရောက်အောင်အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အခြေခံဖို့ရှိနေပါတယ်၊ ဥက္ကဌဒေါ်အောင်ဆန်းစုကြည် က ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးနဲ့ ပြည်သူလူထုအားလုံးသာယာရေး၊ အမျိုးသားရေးစည်းလုံးဖို့နဲ့ စည်းကမ်းရှိမှု တို့အပေါ်မှာ ဆက်ခံပြီးအမျိုးသားရင်ကြားစေ့ရေးကိုတည်ဆောက်ကာ ပြည်ထောင်စုဖက်ဒရယ်၊ ဒီမိုကရေ စီပြည်ထောင်စုဖြစ် ပီပီပြင်ပြင်ကောင် အထည်ပေါ်လာရန် ဆောင်ရွက်နိုင်ကြဖို့ကိုလေးလေးနက်နက် တိုက်တွန်းရင်း နိဂုံးချုပ် အပ်ပါတယ်"

အဖွဲ့ချုပ်လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ လွှတ်တော်အသီးသီးမှာ တာဝန်ထမ်းဆောင်ဖို့အတွက် ဆက်လက်ကြိုးစားအားထုတ်သွားကြဖို့ မှာကြားခဲ့ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရရှိအောင် ကြိုးပမ်းခဲ့ကြတဲ့ စာပေလောကအသိုင်းအဝိုင်းတွေ၊ အနုပညာလောကသားတွေ နဲ့ နိုင်ငံရေး အဖွဲ့အစည်းအသီးသီးက သူတွေကိုလည်း ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၉၅ နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သန္နိဋ္ဌာန် ၄ ချက်ကိုလည်း ဖတ်ကြားခဲ့ပါတယ်။

အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး တက်ရောက်ပြီး၊ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီဝင် ၆၀ ခန့်တက်ရောက်ခဲ့ကြပါတယ်။

ဒီဇင်ဘာ ၄ ရက်နေ့က NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့ နှစ်နာရီ ကြာ တွေ့ဆုံခဲ့ကြပါတယ်။

ဒီလိုတွေ့ဆုံခဲ့တဲ့အတွက် အာဏာလွဲပြောင်းရေးဟာ ပိုပြီး အဆင်ပြေ ချောမွေ့လာဖို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေ က မျော်လင့်နေကြပါတယ်။

RFA သတင်းထောက် မမိုးကလျာဦး စုစည်းတင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org