မြန်မာတစ်ရာကျော် နယ်စပ်ဖြတ်မှုနဲ့ ထိုင်းမှာ အဖမ်းခံရ
တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ မြန်မာနိုင်ငံသား ၉၇ ယောက်ကို ထိုင်းမြန်မာ နယ်စပ် Kanchanaburi ဒေသ Sai Yok ခရိုင်အတွင်း မနေ့က မနက်ပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
- 2021-11-07
-
-
-
တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ မြန်မာနိုင်ငံသား ၉၇ ယောက်ကို ထိုင်းမြန်မာနယ်စပ် Kanchanaburi ဒေသ Sai Yok ခရိုင်အတွင်း မနေ့က မနက်ပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
အဖမ်းခံရသူတွေထဲမှာ အမျိုးသားက ၅၄ ယောက်နဲ့ အမျိုးသမီးက ၄၃ ယောက်ပါတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံထဲက တခြားနေရာတွေကိုသွားဖို့ တောထဲမှာ ပုန်းအောင်းနေတုန်း အဖမ်းခံခဲ့ကြရတာလို့ ဆိုပါတယ်။
အဖမ်းခံရသူတွေဟာ ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊ ထားဝယ်၊ ရခိုင်နဲ့ မကွေးဒေသတွေကဖြစ်ကြပြီး ထိုင်းနိုင်ငံကိုလာဖို့ ပွဲစားခ ဘတ်ငွေ ၂ သောင်းလောက် ပေးခဲ့ကြရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
မနေ့က တစ်ရက်တည်းမှာပဲ ချင်းမိုင်ဒေသက Mae Ai ခရိုင်အတွင်းမှာလည်း မြန်မာနိုင်ငံသား အယောက် ၂ဝ ကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ထိုင်းတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ရဲလက်ကိုအပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမှာတော့ အမျိုးသား ကိုးယောက်နဲ့ အမျိုးသမီး ၁၁ ယောက် ပါပါတယ်။ သူတို့အားလုံးဟာ တောင်ကြီးမြို့ နယ်က ဖြစ်ပါတယ်။ သူတို့ကို သယ်ပို့ပေးတဲ့ ထိုင်းကားမောင်းသမား တစ်ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ မနေ့က ဖော်ပြပါတယ်။