ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သြစတေးလျ လွှတ်တော်အမတ်တွေ ဆန္ဒပြ

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် Burma Campaign Australia အဖွဲ့က ဦးစီးပြီး သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့လယ်က ဗစ်တိုးရီးယားပန်းခြံမှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့တွင် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများ ရှစ်လေးလုံး အရေးတော်ပုံ နှစ် ၂၀မြောက် အခမ်းအနား ကျင်းပနေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: Courtesy of Burma Campaign Australia) (Photo: Courtesy of Burma Campaign Australia)

ဒီ ဆန္ဒပြပွဲမှာ သြစတေးလျ Green ပါတီက အထက်လွှတ်တော်အမတ် Scott Ludlam၊ လက်ရှိအာဏာရ လေဘာပါတီအမတ် Janelle Saffin အပါအဝင် လွှတ်တော်အမတ် ၁၅ ဦးက နေအိမ်အကျယ်ချုပ် ၁၅ နှစ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုတွေကို  ထောက်ခံအားပေးဖို့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ကြောင်း Burma Campaign Australia အဖွဲ့ ဒါရိုက်တာ ဒေါက်တာမြင့်ချိုက RFA ကို ပြောပါတယ်။

“သူတို့ပြောသွားတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လုံးဝ အငြင်းပွားစရာ မရှိတဲ့ မြန်မာပြည်သူလူထုရော နိုင်ငံတကာကပါ အသိအမှတ်ပြုခံရတဲ့ ဒီမိုကရေစီ ခေါင်းဆောင်ဖြစ်တယ်၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဟာ လူတယောက် လွတ်မြောက်ရေး မဟုတ်တော့ဘဲ သန်းပေါင်း ၆၀ ရှိတဲ့ အဖိနှိပ်ခံ မြန်မာ ပြည်သူတွေ လွတ်မြောက်ရေးဆိုတဲ့ အနေနဲ့ ဂုဏ်ပြုပြီး ပြောသွားတယ်။ သို့သော်လည်း နအဖ စစ်အုပ်စုက ရွေးကောက်ပွဲပြီးရင်တောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ့မလားဆိုပြီး သူတို့ သံသယရှိနေတဲ့အကြောင်း၊ ဒါကြောင့်မို့ သြစတြေလျ အစိုးရရော နိုင်ငံတကာ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေရော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို အလေးထားပြီး ဒီထက်မက ဆောင်ရွက်သင့်တယ်လို့ ပြောသွားပါတယ်။ နောက် မြန်မာနိုင်ငံမှာ  ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့အရေး လှုပ်ရှားနေတဲ့ သံဃာတော်တွေ၊ ကျောင်းသားတွေ၊ လူမျိုးစုခေါင်းဆောင်တွေ၊ လူမှုရေး လှုပ်ရှားသူတွေ အားလုံး နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော် ကို မလွှတ်ပေးဘဲ ဆက်သွားမယ့် ခရီးစဉ်မှန်သမျှဟာ ဘယ်တော့မှ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်မှာမဟုတ်ဘူး၊ ဒါကြောင့် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးဟာ အဓိက အကျဆုံးနဲ့ အမြန်ဆုံး လုပ်သင့်တဲ့အလုပ်ဖြစ်တယ် ဆိုတာကို လေးလေးနက်နက် ပြောဆိုသွားတယ်”

မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆန့်ကျင်ရှုတ်ချကြောင်းနဲ့ ရွေးကောက်ပွဲ ရလာဒ်ကိုလည်း အသိအမှတ် ပြုမှာမဟုတ်ကြောင်း၊ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးလည်း သြစတေးလျ အစိုးရကို တိုက်တွန်းသွားမှာဖြစ်ကြောင်း လွှတ်တော်အမတ်တွေက ပြောကြားခဲ့တယ်လို့ ဒေါက်တာမြင့်ချိုက ပြောပါတယ်။

ဆန္ဒပြပွဲမှာ လေဘာပါတီ အမတ် Helen Westwood ၊ Green ပါတီအမတ် Dr John Kaye နဲ့ သြစတေးလျ AI အဖွဲ့က Ms Jennie Leon စတဲ့ အမျိုးသမီး ခေါင်းဆောင်တွေက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အကျယ်တဝင့် ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။  ဒါ့အပြင် စစ်အစိုးရနဲ့ နောက်တက်လာမယ့် အစိုးရဟာ နိုင်ငံတော်ရဲ့ သယံဇာတက ရလာတဲ့ ဝင်ငွေတွေနဲ့ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုကနေ ရလာမယ့် ဝင်ငွေတွေနဲ့ အာဏာရှင်စနစ်ကို သက်ဆိုး ရှည်စေနိုင်တဲ့အတွက် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေကို ရပ်ဆိုင်းသွားအောင် ဒါမှမဟုတ် သိသိသာသာ လျော့ကျသွားအောင် သူတို့အနေနဲ့ လုပ်ဆောင်သွားမယ်လို့ လွှတ်တော်အမတ်တွေက ပြောဆိုခဲ့ကြောင်းလည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org