CNLD ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝန်းရံသူတွေ မဲဆွယ်ပွဲ ဝေဖန်ခံရ
စက်တင်ဘာ(၁၉)ရက်က စစ်ကိုင်းတိုင်း ကလေးမြို့မှာ ချင်းအမျိုးသားဒီမိုကရေ အဖွဲ့ချုပ်(CNLD)ကို ထောက်ခံတဲ့ ချင်းတိုင်းရင်းသားတွေက လူဦးရေ သုံးရာကျော် ခန့်နဲ့ မြို့တွင်းလှည့် မဲဆွယ်ခဲ့ပါတယ်။ ဒီမဲဆွယ်မှုဟာ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်တဲ့ စည်းကမ်းနဲ့ မကိုက်ညီဘူးဆိုပြီး ဒေသခံပြည်သူကြားမှာ ဝေဖန်မှုတွေ ရှိနေပါတယ်။
-
မြင့်သူဝင်း
2020-09-22 -
-
-
စက်တင်ဘာ(၁၉)ရက်က စစ်ကိုင်းတိုင်း ကလေးမြို့မှာ ချင်းအမျိုးသားဒီမိုကရေအဖွဲ့ချုပ်(CNLD)ကို ထောက်ခံတဲ့ ချင်းတိုင်းရင်းသားတွေက လူဦးရေ သုံးရာကျော်ခန့်နဲ့ မြို့တွင်းလှည့် မဲဆွယ်ခဲ့ပါတယ်။ ဒီမဲဆွယ်မှုဟာ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်တဲ့ စည်းကမ်းနဲ့ မကိုက်ညီဘူးဆိုပြီး ဒေသခံပြည်သူကြားမှာ ဝေဖန်မှုတွေ ရှိနေပါတယ်။
မဲဆွယ်သူတွေအနေနဲ့ လူစုလူဝေးမလုပ်ဘဲ မိမိကြိုက်တဲ့ပါတီအလံကို အိမ်မှာစိုက်ပြီး မဲဆွယ်တာပဲ လုပ်စေချင်တယ်လို့ Covid -19 ကာကွယ်တိုက်ဖျက်ရေးမှာ Volunteer အနေနဲ့ ပါဝင်ကူညီပေးနေတဲ့ ဦးမင်းနိုင်စိုးက ပြောပါတယ်။
"မဲဆွယ်တယ်ဆိုရာမှာ လူတွေ အလွန်အမင်းစုပြီးတော့မလုပ်ဘဲနဲ့ အလံလေးတွေအိမ်မှာစိုက်တာတို့ ကားတန်းနဲ့သွားတာတို့ ကားတန်းဆို လူ၂ယောက်နဲ့ သွားတာမျိုးဆို အဆင်ပြေတယ်။ဒါမျိုးလေးတွေ လုပ်စေချင်တာပါ။ စိုးရိမ်တာကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် လူမှုရေးကူညီရေးသမားအနေဲ့ Covid -19 ကာကွယ်ရေးတစ်ယောက်အနေနဲ့ ဒါမျိုးတွေ လူတွေ အများကြီး စုလုပ်တာကတော့ နိုင်ငံရေးမဲဆွယ်စည်းရုံးတာမှ မဟုတ်ဘူး။ နာရေးကိစ္စတွေမှ မဟုတ်ဘူး။ အားလုံးကို မလုပ်စေချင်ဘူး"
ဒီမဲဆွယ်စည်းရုံးတာကိုတော့ မြို့ပေါ်ဒေသခံတွေနဲ့ ကလေးမြို့တဝိုက်က ကျေးရွာမှာနေထိုင်တဲ့ ချင်းလူမျိုး သုံးရာကျော် လိုက်ပါဝန်းရံကြတာပါ။ လိုက်ပါသူတွေကိုတော့ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းတွေ လက်သန့်ဆေးတွေ အသုံးပြုပြီး လိုက်ပါစေတယ်လို့ ဝန်းရံရာမှာ ဦးဆောင်သူတွေက ပြောပါတယ်။
"ကျွန်တော်တို့ Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် အတတ်နိုင်ဆုံးပေါ့နော်။ အဲ့ဒီဥပဒေနဲ့မငြိစွန်းအောင် အခုလဲ လူထိုင်ခိုင်းရင် တစ်အုပ်စုမှာ ထင်တာထက်များတယ်။ လိုင်းပေါ်ကနေ ချိတ်ပြီးတော့ လာကြတာ။ ထင်တာထက် များတဲ့အခါကျတော့ ကျွန်တော်တို့လဲ တခုခုဖြစ်မှာစိုးလို့ လူအယောက်လေးဆယ်မကျော်ရဘူး။ တစ်စုတစ်စုမှာဆိုရင် အဲ့လိုခြားပြီးတော့ နေခိုင်းတယ်။ လမ်းပေါ်လျှောက်တဲ့အချိန်မှာလဲ တတ်နိုင်သလောက်ထိန်းထားတယ်"
ဒီလို့လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံးတာကိုတော့ ဝန်းရံသူတွေနဲ့ ပါတီအောင်နိုင်ရေးလုပ်သူတွေကိုပါ ခွင့်ပြုမထားဘူးလို့ ကလေးခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းဆွေက ပြောပါတယ်။
"ငါတို့က ကော်မရှင်ဆိုက်ဆိုတော့ ခုနပြောတဲ့ ဥပဒေလုပ်ထုံးနဲ့ ညီရင် ပါတီတွေကို ရွေးကောက်ပွဲဆိုင်ရာတွေကို စည်းရုံးရေးဆိုင်ရာတွေကို ကြီးကြပ်ကွပ်ကွဲတယ်။ တရားဝင်ဖွင့်ထားတဲ့ ပါတီတွေကို။ နောက်ပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဆိုတာက သူတို့လျှောက်ထားရင် စည်းကမ်းညီညွတ်ရင် ခွင့်ပြုတယ်။နောက်ဆုံးကွာ သူ့ရဲ့ကိုယ်စားလှယ်လောင်းက လျှောက်ထားရင်တောင်မှ စည်းရုံးရေးကို ခွင့်ပြုတယ်။ သို့သော်လည်းပဲ ပါတီဝန်းရံသူတွေက ပါတီအောင်နိုင်ရေး ကိုယ်တို့ရဲ့ ကြီးကြပ်မှုအောက်မှာ မရှိတဲ့အတွက် ခွင့်မပြုဘူး။မနေ့က ဖြစ်သွားတဲ့ကိစ္စတွေ ဘာတွေဆိုရင် ငါတို့ခွင့်ပြုထားတာမရှိဘူး။ ဖြစ်ရင် သူတို့ဘာသာသူတို့ ခံပဲ"
ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေလို့ ကျန်းမာရေးအရ အထူးဂရုစိုက်ရမယ့် အချိန်မှာ လူစုလူဝေးနဲ့ မြို့တွင်းလှည့်ပတ်တာတွေဟာ ဘယ်လောက်အထိ အန္တရာယ်ကြီးသလဲဆိုတာ သိနိုင်ဖို့ ကလေးခရိုင် ပြည်သူကျန်းမာရေးဌာနကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။
ရွေးကောက်ပွဲကာလမှာ အခုလိုလူစုလူဝေးနဲ့ စီတန်းလှည့်လည်တာတွေဟာ ကလေးမြို့တခုထဲမဟုတ်ဘဲ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စတဲ့ မြို့တွေမှာလည်း ရှိနေတဲ့အချက်ကို ထောက်ပြပါတယ်။ ကလေးမြို့က လှည့်လည်မဲဆွယ်မှုနဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေးဌာနကို တိုင်ကြားတာတွေ မရှိသေးလို့ အရေးယူမှုလည်း မရှိသေးဘူးလို့ ကလေးခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုက RFA ကို တယ်လီဖုန်းကတဆင့် ပြောပါတယ်။
အခုလာမယ့်ရွေးကောက်ပွဲမှာ CNLD ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကလေးခရိုင်အတွက် ကိုယ်စားလှယ်လောင်းငါးဦး ယှဉ်ပြိုင်ပါလိမ့်မယ်။ လက်ရှိကလေးမြို့မှာတော့ ပိုးတွေ့အတည်ပြုလူနာ ၁၀ ဦးနဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ ပိုးတွေ့လူနာ (၂၅) ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။