ရခိုင်မှာ ထိုးစစ်တွေ ချက်ချင်းရပ်ဖို့ Free Burma Rangers အဖွဲ့တောင်းဆို

အခုလို ကပ်ဘေးကာလ လူသားချင်းစာနာတဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာ ထိုးစစ်တွေ ချက်ချင်းရပ်ဖို့ တပ်မတော် ကို Free Burma Rangers အဖွဲ့က တောင်းဆိုလိုက် ပါတယ်။ NLD အစိုးရအနေနဲ့လည်း ရက္ခိုင့်တပ်တော် (AA) နဲ့ တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံးလုပ်ဖို့ တိုက်တွန်းထား ပါတယ်။

အခုလို ကပ်ဘေးကာလ လူသားချင်းစာနာတဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာ ထိုးစစ်တွေ ချက်ချင်းရပ်ဖို့ တပ်မတော် ကို Free Burma Rangers အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ NLD အစိုးရအနေနဲ့လည်း ရက္ခိုင့်တပ်တော် (AA) နဲ့ တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံးလုပ်ဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ဒုတိယအဆိုးဆုံးဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ အခုဆိုရင် ရောဂါပိုး ကူးစက်ခံထားရသူ အနည်းဆုံး ၂,၅ဝဝ ရှိသွားပြီ။ ကပ်ရောဂါကြောင့် မြို့နယ်တချို့မှာလည်း ညမထွက်ရအမိန့် ထုတ်ပြန်ထားတာပါ။ အခုလို ကပ်ရောဂါကာလအတွင်း မနေ့ကစလို့ ရသေ့တောင်မြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) ကို တပ်မတော်ရဲ့ အပြင်းအထန် ထိုးစစ်ဆင် တိုက်ပွဲတွေကြောင့် တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို ဒေသခံ ၁,ဝဝဝ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ Free Burma Rangers အဖွဲ့ တည်ထောင်သူ David Eubank က - လူသားချင်းစာနာတဲ့အနေနဲ့ ဒီတိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ တပ်မတော်ကို တောင်းဆို လိုက်ပါတယ်။

“ရခိုင်ပြည်သူတွေအပေါ် မြန်မာစစ်တပ်က တိုက်ခိုက်နေတာတွေ ရပ်စဲစေလိုပါတယ်။ လေကြောင်းတိုက်ခိုက်မှု တွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ၊ တပ်အင်အားတွေ တိုးမြှင့်ပြီး၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ ထိခိုက် သေကျေအောင် လုပ်နေတာတွေကို ရပ်စေချင်ပါတယ်။ ဒီနှစ် ၂ဝ၂ဝ ပြည့်နှစ်ထဲမှာပဲ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေလို အရပ်သားတွေကို သတ်ဖြတ်ပြီး မြန်မာစစ်တပ်က စစ်ရာဇဝတ်မှု ကျုးလွန်တာတွေ ရှိခဲ့ပါ တယ်။ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေနဲ့ သိမ်းကျုံးပစ်ခတ်မှုတွေ ခြေလျင်တပ်တွေရဲ့ တိုက် ခိုက်မှုတွေနဲ့ ရခိုင်ပြည်နယ်မှာ ကျုးလွန်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှု မြောက်ပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံမှာ အခြေအနေတွေကို ပိုပြီးတော့သာ ဆိုးရွားလာစေပါတယ်။”


တပ်မတော်ကတော့ - အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တရားဝင်သတ်မှတ်ထားတဲ့ အဖွဲ့တွေ လှုပ်ရှားတဲ့ နယ်မြေတွေကလွဲရင် ကျန်တဲ့ဒေသတွေမှာ အပစ်အခတ်ရပ်စဲရေး ကြေညာထားပြီး၊ စက်တင်ဘာလကုန်မှာပဲ ၁ လ ထပ်ပြီး သက်တမ်းတိုးထားတာပါ။

“ဘုံရန်သူဖြစ်တဲ့ ကပ်ရောဂါဆိုးကြီးကို တိုက်ဖျက်နိုင်ဖို့အတွက် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းမှာဖြစ်နေတဲ့ စစ်ပွဲတွေအားလုံး ရပ်ဆိုင်းထားဖို့” - ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂုတားရတ်စ်က ဒီနှစ် မတ်လက တိုက်တွန်းထားတာပါ။

ဒီတိုက်တွန်းမှုကို တုံ့ပြန်တဲ့အနေနဲ့ တပ်မတော်က အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ လည်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တရားဝင်ကြေညာထားတဲ့ AA အဖွဲ့လှုပ်ရှားရာ ရခိုင်ပြည်နယ်တော့ မပါဝင်ခဲ့သလို၊ AA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကလည်း အပစ်အခတ်ရပ်စဲရေး ကြေညာထားပြီး၊ တိုက်ခိုက်လာရင်တော့ ခုခံစစ်လုပ်သွားမယ်လို့ ပြောဆိုထားပါတယ်။

ဒါကြောင့်လည်း နှစ်ဘက်စလုံးရဲ့ အပစ်အခတ်ရပ်စဲရေး ကြေညာချက်တွေဟာ မထိရောက်တဲ့အတွက် တွေ့ဆုံ ဆွေးနွေးရေး လုပ်ဖို့ကို တောင်းဆိုထားပါတယ်။

“အပစ်အခတ်ရပ်စဲရေး ဆိုတာကလည်း စကားလုံးသက်သက်ပဲ ဖြစ်နေပါတယ်။ မြန်မာစစ်တပ်က တိုက်ခိုက် တာတွေ ဆက်လုပ်နေတာပါ။ ဘာကြောင့်လဲဆိုတော့ အပစ်အခတ်ရပ်စဲရေးဆိုတဲ့ စကားလုံးက ခေါင်းထဲက ထွက်လာတာသာဖြစ်ပြီး၊ အပြောင်းအလဲလုပ်ဖို့ ရင်ထဲက ထွက်လာတဲ့ စကားလုံး မဟုတ်လို့ပါပဲ။  ဒါကြောင့် လည်း ဒေါ်အောင်ဆန်းစုကြည်၊ စစ်တပ်နဲ့ တိုင်းပြည်အတွက်လည်း ဆုတောင်းပါတယ်။ အစိုးရအနေနဲ့လည်း ရင်ထဲနှလုံးသားထဲကနေ အပစ်အခတ်ရပ်စဲရေးကို ပြောစေချင်ပါတယ်။”

RFA က စုဆောင်းထားတဲ့ အချက်အလက်တွေအရ - ဒီစစ်ပွဲတွေအတွင်း ရခိုင်ပြည်နယ်မှာ ၂ဝ၁၉ ခုနှစ်ကနေ ၂ဝ၂ဝ အောက်တိုဘာလအထိ စစ်ဘေးဒုက္ခသည် ၂ သိန်း ၂ သောင်းကျော် ရှိသွားပြီး၊ အရပ်သားသေဆုံးသူ ၃ဝဝ နီးပါးနဲ့ ဒဏ်ရာရသူ ၆,၆ဝ ကျော်ရှိသွားပြီဖြစ်ပါတယ်။ vFree Burma Rangers အဖွဲ့ဟာ မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ လူသားချင်း စာနာမှု ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာ ၂၇ နှစ်ရှိသွားပါပြီ။ Free Burma Rangers အဖွဲ့ခွဲ ၁ဝဝ ကျော် သင်တန်းပို့ချပြီးဖြစ်သလို၊ ရခိုင်ပြည်နယ်မှာလည်း အဖွဲ့ခွဲပေါင်း ၃ဝ ကျော် ရှိပါတယ်။ အခုလို ကပ်ဘေးကာလမှာ နေထိုင်မကောင်းဖြစ်သူတွေ အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်တဲ့သူ တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်အောင်လည်း အစိုးရက ဆောင်ရွက်ပေးစေချင်တယ်လို့ Free Burma Rangers အဖွဲ့က ပြောဆိုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org