ရိုဟင်ဂျာအတွက် ကန်ဒေါ်လာ သန်း ၆၀၀ နီးပါး ကူမယ်လို့ နိုင်ငံတကာအလှူရှင်တွေ ကတိပြု
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို ကူညီထောက်ပံ့ရေးအတွက် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဥရောပသမဂ္ဂအဖွဲ့နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးတို့ ဦးဆောင်တဲ့ ညီလာခံတခုကို အောက်တိုဘာ ၂၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။
-
ခင်မောင်စိုး
2020-10-22 -
-
-
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို ကူညီထောက်ပံ့ရေးအတွက် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဥရောပသမဂ္ဂအဖွဲ့နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့ ဦးဆောင်တဲ့ ညီလာခံတခုကို အောက်တိုဘာ ၂၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။
ဒီအွန်လိုင်းရုပ်မြင်သံကြား ညီလာခံမှာ အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပနိုင်ငံများအဖွဲ့ EU ခေါင်းဆောင်တွေက ရိုဟင်ဂျာတွေအတွက် သူတို့ကူညီပေးနေပုံတွေကို တင်ပြပြီး ဒီပြဿနာကို အဖြေရှာရေးအတွက် အာဆီယံအပါအဝင် တခြားနိုင်ငံတွေကလည်း ပါဝင်ကူညီကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။
ညီလာခံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Michael Pompeo မိုက်ပွန်ပေယို ကိုယ်စား တက်ရောက်တဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Stephen Biegun စတီဗင် ဘီးဂင်န်က ၃ နှစ်ကြာခဲ့ပြီဖြစ်တဲ့ ရိုဟင်ဂျာတွေရဲ့ ပြသနာကို ဖြေရှင်းဖို့ အထူးတလည် ကြိုးပမ်းကြဖို့လိုကြောင်း၊ ရိုဟင်ဂျာတွေ သူတို့နေရပ်ကို လုံခြုံစွာ သိက္ခာရှိစွာ ပြန်နိုင်ရေးအတွက် မြန်မာအစိုးရမှာ အဓိကတာဝန်ရှိကြောင်း၊ မြန်မာအစိုးရအနေနဲ့ အဲဒီဒုက္ခသည်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အဟန့်အတားမရှိ ပေးခွင့်ပြုရမှာဖြစ်သလို ပဋိပက္ခဖြစ်ရတဲ့ အကြောင်းရင်းကို ရှာဖွေပြီးဖြေရှင်းဖို့ လိုပါတယ်။ ရခိုင်ပြည်နယ်မှာ ကာလရှည်ကြာဖြစ်ပွားနေခဲ့တဲ့ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှုနဲ့ မူးယစ်ဆေး ဝါးသယ်ဆောင် ရောင်းဝယ်မှုတွေ ပပျောက်ရေးအတွက် အမေရိကန်ပြည်ထောင်စုက ကူညီဖို့ အဆင်သင့်ရှိပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန် ဒေါ်လာ သန်း ၂ဝဝ ထပ်မံလှူဒါန်းမှာဖြစ်တဲ့အတွက် ဒီနှစ်အတွင်း စုစုပေါင်းကူညီငွေပမာဏဟာ ဒေါ်လာ ၄၃၇ သန်း ကျော်ရှိမှာဖြစ်ပါတယ်။ ၂ဝ၁၇ ခုနှစ်ကစပြီး ရိုဟင်ဂျာတွေအတွက် မိမိတို့ကူညီမှုပမာဏက ဒေါ်လာ သန်းပေါင်း ၁၂ဝဝ ကျော်ပြီဖြစ်ပြီး ဆက်လက်ကူညီမှာပါလို့ ပြောကြားသွားပါတယ်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Filippo Grande ဖိလစ်ပို ဂရန်းဒီ ကလည်း ရိုဟင်ဂျာ တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ အင်ဒိုနီးရှားစတဲ့ နိုင်ငံတွေကို ကျေးဇူးတင် ကြောင်း၊ ရိုဟင်ဂျာတွေအတွက် အလှူငွေတွေ အရေးတကြီးလိုအပ်နေကြောင်း၊ ရိုဟင်ဂျာကလေးသူငယ်တွေ ပညာသင်ခွင့် ရရှိဖို့ အရေးကြီးကြောင်းများကို ပြောကြားရင်း ရိုဟင်ဂျာပြဿနာ ဖြေရှင်းရေးအတွက် ရခိုင်ပြည်နယ်မှာ ပထမဦးစားပေးအချက်အဖြစ် ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုရှိဖို့ လိုပါတယ်၊ AA နဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခကလည်း ဒီကိစ္စအတွက် ပိုပြီး အဟန့်အတားဖြစ်စေတယ် ဆိုတာ မိမိတို့သိရှိထားပါတယ်။ ဒါ့အပြင် မြန်မာအစိုးရအနေနဲ့လည်း ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး အတွက် ယုံကြည်မှုရရှိစေမယ့် အစီအစဉ်တွေကို အခုထက်အရှိန်မြှင့် ဆောင်ရွက်ဖို့ လိုပါတယ်။ မူလဒေသတွေကို ပြန်ခွင့်ရရှိရေးအတွက် အာမခံချက်ပေးဖို့လိုသလို ရခိုင်ပြည်နယ်မှာ နေရပ်စွန့်ခွာ နေထိုင်ရတဲ့ ရိုဟင်ဂျာတွေ လွတ်လပ်စွာသွားလာခွင့် ပြုဖို့လိုပါတယ်။ ဒါ့အပြင် သူတို့ နိုင်ငံသားဖြစ်ခွင့် ရရှိရေးအတွက် အတားအဆီးတွေကို ဖယ်ရှားဆောင်ရွက်ပေးဖို့လိုပါတယ်လို့ ပြောကြားခဲ့ပါတယ်။
မနေ့က ညီလာခံကို တက်ရောက်တဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီး Shahriar Alam ရှရီယာ အလမ်က ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။ ဒီ ပဋိပက္ခကိုဖန်တီးခဲ့တာက မြန်မာနိုင်ငံဖြစ်ပြီး ဒီပြဿနာကို ဖြေရှင်းရမှာကလည်း မြန်မာနိုင်ငံရဲ့တာဝန်ဖြစ်ပါတယ်။ မိမိတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ဒီပြဿနာကြောင့် အခက်တွေ့နေပြီဖြစ်ပြီး ဒီဒုက္ခတွေကို ဆက်ပြီးမခံစားနိုင်တောပါဘူး။ အမြန်ဆုံးဖြေရှင်းဖို့ လိုနေပါပြီလို့ ပြောကြားသွားခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab ကလည်း ရိုဟင်ဂျာတွေနဲ့ သူတို့ကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကူညီတဲ့အနေနဲ့ ဗြိတိန်နိုင်ငံက အမေရိကန်ဒေါ်လာ ၆၃ သန်းနဲ့ ညီမျှတဲ့ ပေါင်ငွေ ၄၇ သန်းခွဲ ထပ်မံကူညီမယ်လို့ မနေ့ကကြေညာရင်း နိုင်ငံတကာအနေနဲ့ ရိုဟင်ဂျာတွေရဲ့ ဒုက္ခကို ဥပက္ခာမပြုဘဲ သူတို့နေရပ်ပြန်ရေးနဲ့ ဒီပဋိပက္ခမှာ ကြမ်းကြုတ်ရက်စက်မှုကျူးလွန်ခဲ့သူတွေကို ဗြိတိန်နိုင်ငံနည်းတူ အရေးယူကြပါလို့ တိုက်တွန်းခဲ့ပါတယ်။
ဒီနေ့ကျင်းပတဲ့ ညီလာခံကနေ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ သန်းခြောက်ရာခန့် ထပ်မံလှူဒါန်းဖို့ အလှူရှင်နိုင်ငံတွေက ကတိပြုခဲ့တယ်လို့ သိရပါတယ်။