မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ဂူဂဲလ် ချီးကျူး


2013.11.05

မြန်မာနိုင်ငံဟာ အင်တာနက်ဆက်သွယ်ရေးမှာလိုအပ်ချက်တွေရှိနေသေးပေမယ့် တိုးတက်မှု မြန်ဆန်လာတယ်လို့ ဂူဂဲလ် အင်တာနက် အချက်အလက်ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် မစ္စတာ အဲရစ် ရှမစ် (Eric Schmidt) က ပြောကြားပါတယ်။

ဟောင်ကောင်တက္ကသိုလ် စီးပွားရေးပညာဌာန ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပါ။

မစ္စတာရှမစ်ဟာ မြန်မာနိုင်ငံကို နှစ်ကြိမ် သွားရောက်လည်ပတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပြီးတဲ့နောက်၊ ပေါ်ပေါက်လာတဲ့  ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ နောက်ကြောင်းပြန် မလှည့်နိုင်အောင် အင်တာနက်ကနေ တွန်းအားပေးနိုင်ခဲ့ပါတယ်လို့လည်း ပြောပါတယ်။

စစ်အစိုးရဟာ ၂၀၀၄ ခုနှစ်မှာ Yahoo, Hotmail, AOL စတဲ့ နာမည်ကြီး အီးမေးလ်တွေ သုံးစွဲတာကို ဥပဒေထုတ်ပြန် ထိန်းချုပ်ခဲ့ပါတယ်။ ဂျီမေးလ်ကတော့ ၂၀၀၄ ခုနှစ်၊ ဧပြီ ၁ ရက်မှ စတင်ခဲ့တာဆိုတော့ အဲဒီဥပဒေထဲ နာမည်မပါပဲဖြစ်သွားပါတယ်၊ အဲဒီဥပဒေကို စစ်အစိုးရက အသစ်ပြင်ဆင်တာလည်း မလုပ်တော့ ဂူဂဲလ်ဟာ မြန်မာနိုင်ငံမှာ ဈေးကွက်အပြည့်ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်လို့ မစ္စတာ ရှမစ်က ဆိုပါတယ်။

ဆက်လက်ပြီး မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပြီးတဲ့နောက်၊ ဆက်သွယ်ရေးကဏ္ဍဟာ ပြောင်းလဲမှု အရှိန်ပိုပြီးမြန်ဆန်လာခဲ့ပါတယ်၊ တယ်လီဖုန်းဆင်းကဒ်တွေလည်း တစ်ကဒ်ကို ဒေါ်လာ ၅ ထောင်လောက် ရှိခဲ့နေရာကနေ ဒေါ်လာ ၂၀ လောက်အထိကို ဈေးကျသွားခဲ့တာ အတော်အံ့သြစရာပါပဲ၊ လိုအပ်ချက်အရ ဝယ်အားကလည်း သိပ်ကိုအားကောင်းလှပါတယ်လို့လည်း ပြောပါတယ်။  ဒါ့ပြင် မြန်မာ အကြီးတန်းခေါင်းဆောင်တွေအားလုံးမှာ ဂျီမေးလ်အကောင့်တွေရှိတယ်လို့လည်း ရယ်မောပြောဆိုခဲ့ပါတယ်။

ဂူဂဲလ်ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် မစ္စတာ အဲရစ်ရှမစ်ဟာ မြောက်ကိုရီးယားကိုလည်း သွားရောက်ခဲ့ပါတယ်။ မြောက်ကိုရီးယားကတော့ မြန်မာနဲ့ပြောင်းပြန်ဖြစ်ပြီး၊ သူထွက်ခွာလာခဲ့ပြီးတဲ့နောက် ဖုန်းလှမ်းဆက်သူရယ်လို့မရှိကြောင်း၊ မြောက်ကိုရီးယားဟာ အထီးကျန်ဆန်လွန်းတဲ့နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။