ရွေးကောက်ပွဲအတွက် အသာစီးယူထားကြောင်း ဝေဖန်ချက် NLD ပယ်ချ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ဟာ ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ယာယီဌာနချုပ်) ရုံးခွဲ ဖွင့်ပွဲအခမ်းအနားကို ပါတီဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတွေအဖြစ် တက်ရောက်ခဲ့ပါတယ်။
-
သီဟထွန်း၊ နေမျိုးထွန်း
2020-07-05 -
-
-
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ ပါတီ ခေါင်းဆောင်တွေအနေနဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးမဲဆွယ်တဲ့ ကာလမှာ ရုံးထိုင်မယ့် NLD ပါတီ (ယာယီဌာနချုပ်) ရုံးခွဲဖွင့်ပွဲ အခမ်းအနားကို နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်မှာ ဒီနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
ကပ်ရောဂါကာလအတွင်း ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အကြိုလှုပ်ရှားမှုတွေမှာ တခြားပါတီတွေအတွက် ကန့်သတ်ချက်တွေရှိနေပေမယ့် အာဏာရ NLD ပါတီကတော့ အခွင့်အရေး ပိုရနေတယ်လို့ ဝေဖန်နေတဲ့အပေါ် ပါတီရဲ့ သဘာထားကို ဒေါက်တာ ဇော်မြင့်မောင်ကို မေးမြန်းခဲ့ပါတယ်။
NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ (၂) မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က အာဏာရ ပါတီက အခွင့်အရေးပိုရနေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို လက်မခံဘူးလို့ တုံ့ပြန်ပါတယ်။
"အဲတော့ ကိုဗစ်ကာလကတော့ ၊ ကိုဗစ်က အရေးကြီးတယ်နော်၊ Second Wave ကို ကျတော်တို့လည်း ကြောက်တယ်၊ ခင်ဗျားတို့လည်း ကြောက်သင့်တယ်၊ ဖြစ်ပြီဆိုလို့ရှိရင် မရှူနိုင် မကယ်နိုင်ဖြစ်မယ်။ အဲတော့ မဖြစ်မီကြိုတင်၊ ခုကျတော်တို့ ဘာလုပ်လဲ ဘာပွဲမှ မလုပ်ဘူးနော်၊ အစိုးရအဖွဲ့ လုပ်တဲ့ ဟာတွေတော့ ရှိကောင်း ရှိမှာပေါ့ဗျာ။ ကျတော်ပြောချင်တာက ပါတီနဲ့ ပတ်သက်လို့ ဘာပွဲမှမလုပ်ဘူး။ အဲတော့ဒါ အခွင့်အရေးရတယ်ဆိုတာ ကျတော်နားမလည်ဘူး၊ ဘာ advantage ( အခွင့်အရေး) ရမှန်းမသိဘူး။ ကျတော်တို့ဆီမှာ လုံခြုံရေး အစည်းအဝေးရှိတယ် အပတ်စဉ်၊ ဘယ်ပါတီတွေ ဆိုင်းဘုတ်တင်တယ် အများကြီးတက်လာတာ ဘာတစ်ခုမှ ကျတော်တို့ ဝင်မစွက်ဘူး၊ ကျတော်ကတော့ နားမလည်ဘူးဗျ။ ကျတော်တို့ အခွင့်အရေးတွေ ရနေတယ်ဆိုတာ၊ အရင်က ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်တွေနဲ့ အခု ရွေးကောက်ပွဲ ကော်မရှင်ကြေညာချက်တွေ ခင်ဗျားတို့ ယှဉ်ကြည့်လိုက် အကုန် အတူတူပဲ၊ ပေးထားတာက ပေးထားချက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားချက်အတိုင်း လုပ်တာပဲ။"
၂၀၁၅ ရွေးကောက်ပွဲမှာ အတိုက်အခံ ပါတီအနေနဲ့ ဖွဲ့စည်းပုံပါ ပေးထားချက်တွေအတိုင်း ဝေဖန်ပြစ်တင်မှုတွေ မလုပ်ပဲ ရွေးကောက်ပွဲအောင်နိုင်ရေး ဆောင်ရွက်ခဲ့သလို လက်ရှိ အာဏာရပါတီ ဖြစ်ချိန်မှာလည်း အဲဒီ ဥပဒေအတိုင်း ဆောင်ရွက်နေပြီး အခွင့်အရေး ပိုယူတာမရှိဘူးလို့ ပြောပါတယ်။
ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်မှုတွေကို စိစစ်ဖို့ ဖွဲ့စည်းထားတဲ့ ဗဟိုကိုယ်စားလှယ်လောင်း စိစစ်ရေးအဖွဲ့ဝင် ခြောက်ဦးမှာ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေပါသလားလို့ မေးတဲ့အခါ အဲဒီလို ယူဆရင်လည်းရတယ်လို့သာ ဒေါက်တာ ဇော်မြင့်မောင်က မယုတ်မလွန် ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် အစိုးရအဖွဲ့ဝင်တွေကို ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေး လုပ်ခွင့်ပြုလိုက်ပြီလို့ ဇွန်လ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီးနောက်မှာ အာဏာရပါတီဘက်က အသာစီးရယူနိုင်တဲ့ သဘောတွေရှိတယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ခဲ့ပါတယ်။
"ဒီကျော်လွန်ခြင်း မကျော်လွန်ခြင်းဆိုတာ အသိသာကြီးဖြစ်ပါတယ်။ ကော်မရှင်ရဲ့ ကြေညာချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်လို့မရပါဘူး။ အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို မကြိုက်ဘူးဆိုရင်လည်း အဲဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမှာ ဖြစ်တယ်။ ပယ်ဖျက်ရမှာဖြစ်တယ်။ အဲတော့ ဒီလို မလုပ်ဆောင်ပဲနဲ့ တစ်ဖက်လှည့်ပြီးတော့ ကိုယ်အသာရယူရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဓိပ္ပါယ်ဖွင့်ဆိုခြင်းမရှိဘဲနဲ့ UEC က ထုတ်ပြန်ကြေညာတဲ့ အတွက်ကြောင့်မလို့ ဥပဒေအတိုင်း ညီပါတယ်လို့ ပြောတယ်ဆိုရင်တော့ဖြင့် NLD ပါတီမှာရှိတဲ့ ခေါင်းဆောင်များရဲ့ နိုင်ငံရေးအသိ အဲဒါကို ပြန်ပြီးတော့ မေးခွန်းထုတ်စရာရှိပါတယ်။"
ရှမ်းပြည်နယ်မှာ အင်အားကြီးပါတီ တစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အတွင်းရေးမှူး ၂ ဦးစိုင်းကျော်ညွန့် ပြောသွားတာပါ။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကတော့ ခုချိန်မှာ ရွေးကောက်ပွဲအတွက် ဘာမှပြောစရာမရှိသေးပါဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။
NLD ပါတီ ကိုယ်စားလှယ်လောင်း တင်ပြထားသူတွေထဲမှာ ပါတီအပေါ် သစ္စာရှိသူ၊ မူဝါဒတွေကို လေးစားလိုက်နာသူ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ဆိုင်တဲ့ ဘာသာရပ်တွေမှာ အတော်အသင့် နားလည်တတ်ကျွမ်းသူတွေကို ဦးစားပေးရွေးချယ်သွားမယ်လို့ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေက မျှတဖို့လိုတယ်လို့ ပြောပါတယ်။
"ကိုယ်ပြောချင်တာကတော့ အမိန့်တွေ ညွှန်ကြားချက်တွေဆိုတာက ရှိနေမှာပဲလေ၊ အဲဒီ အမိန့်တွေ ညွှန်ကြားချက်တွေကို သုံးဆွဲတဲ့သူတွေက မျှမျှတတ သုံးစွဲဖို့ပဲလိုတယ်၊ အဲ ကိုယ့်လက်ထက်ကျတော့ ဒီဘက်ကယူသုံးစွဲမယ်၊ သူများလက်ထက်ကျတော့ ဟိုဘက်ကနေ ကန့်ကွက်မယ် ဒီလိုမျိုးဆိုရင်တော့ မတရားဘူးပေါ့နော်၊ ဆိုလိုတာကတော့ အမိန့်တွေ ညွှန်ကြားချက်တွေကို တရားမျှတစွာပဲ သုံးစေချင်တယ်။ အခုဒီ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ဆောင်ရွက်ချက်တွေကတော့ ထုတ်ပြန်ထားတဲ့ အမိန့်တွေ ညွှန်ကြားချက်တွေကို မျှတမှုမရှိတဲ့ ဆောင်ရွက်ချက်မျိုး ညွှန်ကြားချက်မျိုးတွေ ဖြစ်နေတယ်လို့ ကိုယ်ကတော့ ဒီလိုပဲ မြင်တယ်။ "
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေ၊ ပါတီတွေရဲ့ ဝေဖန်ချက်တွေနဲ့ ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ကော်မရှင်အနေနဲ့ မီဒီယာတွေကို ဖုန်းနဲ့ ဖြေဆိုတာတွေ မလုပ်ကြောင်း၊ အခါအားလျော်စွာ သတင်းစာရှင်းလင်းပွဲတွေ ပြုလုပ်နေကြောင်း ပြောထားတာရှိပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အသိပညာပေးတာနဲ့ လေ့လာစောင့်ကြည့်ရေး လုပ်ဆောင်ရွက်နေတဲ့ New Myanmar Foundation ဒါရိုက်တာ ဒေါ်မြနန္ဒာသင်းက ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအပေါ် အယူအဆ အမျိုးမျိုးရှိနိုင်တယ်လို့ ပြောပါတယ်။
"ယူဆချက်တွေကတော့ အမျိုးမျိုးရှိနိုင်တယ်၊ ဒါပေမဲ့ ကျမတို့ ဥပဒေမူဘောင်ရဲ့ ပေးထားချက်အထဲမှာ ဖြစ်တယ်ဆိုလို့ရှိရင် ကျမတို့ ဒီဟာကို ဘက်လိုက်တယ် ဘက်မလိုက်ဘူးဆိုတာ ပြောဖို့ခက်တယ်ပေါ့နော်၊ တစ်ခုရှိတာကတော့ ဒီကာလထဲမှာပဲဖြစ်ဖြစ် ဒါမဟုတ်ရင်လည်း ရွေးကောက်ပွဲ အပြီးကာလမှာပဲဖြစ်ဖြစ် ဒီဥပဒေမူဘောင်တွေကို ပြင်ဆင်သင့်သလား၊ ဥပမာ ဆိုလို့ရှိရင် ရွေးကောက်ပွဲကော်မရှင်ကို အနိုင်ရ အာဏာရပါတီက ခန့်တာမျိုးမဟုတ်ပဲနဲ့ ဒီ independent ဆက်တိုက်ထားမလား ။"
ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ သမ္မတက ပါတီ လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တယ်လို့ NLD ပါတီက ကော်မရှင်ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က တိုင်ကြားမှုတွေရှိခဲ့တဲ့အတွက် လက်ရှိ အာဏာရ NLD ပါတီ အစိုးရ လက်ထက်မှာ ပါတီလုပ်ငန်းတွေ ဆောင်ရွက်မယ့်အပေါ် နှိုင်းယှဉ်ပြီး ဝေဖန်တာကို တွေ့ရပါတယ်။
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ တချို့တော့ ကော်မရှင်ကို အစိုးရက ခန့်အပ်တဲ့ အခြေအနေ ရှိနေသေးသရွေ့ အမြင်အမျိုးမျိုးနဲ့ ဝေဖန်မှုတွေရှိမှာဖြစ်လို့ ကော်မရှင်ကို အာဏာရ အစိုးရက ခန့်အပ်တဲ့ ပုံစံမဟုတ်ပဲ သီးခြားလွတ်လပ်တဲ့ အဖွဲ့အဖြစ်ဖွဲ့စည်းဖို့ ရွေးချယ်မလားဆိုတာ ဆွေးနွေးညှိနှိုင်းသင့်တယ်လို့ အကြံပြုကြပါတယ်။