ရိုဟင်ဂျာကိစ္စ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ဖို့ အမေရိကန်အစိုးရကို တိုက်တွန်း
ရိုဟင်ဂျာဒုက္ခသည်တွေအရေး လုပ်ဆောင်နေတဲ့ Refugee International အဖွဲ့နဲ့ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်တွေ၊ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေနဲ့အတူ ပူးပေါင်းပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ တွေ့ကြုံခဲ့ရတာဟာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ကြောင်း တရားဝင်သတ်မှတ်ခေါ်ဆိုဖို့ အမေရိကန်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
-
ရဲခေါင်မြင့်မောင်
2020-08-13 -
-
-
ရိုဟင်ဂျာဒုက္ခသည်တွေအရေး လုပ်ဆောင်နေတဲ့ Refugee International အဖွဲ့နဲ့ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်တွေ၊ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေနဲ့အတူ ပူးပေါင်းပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ တွေ့ကြုံ ခဲ့ရတာဟာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ကြောင်း တရားဝင်သတ်မှတ်ခေါ်ဆိုဖို့ အမေရိကန်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က Refugees International အဖွဲ့နဲ့ အမေရိကန်နိုင်ငံ လူမျိုးတုံးသတ်ဖြတ်မှု အောက်မေ့ဖွယ်ပြတိုက်တို့ ပူးပေါင်းပြုလုပ်တဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ အမေရိကန်ရုပ်ရှင် သရုပ်ဆောင် Sam Waterston, Thomas Sadoski, Daniel Sullivan ၊ ရက်စမင် အူလာ၊ မဝေဝေနုတို့ တက်ရောက်ပြီး အမေရိကန်အစိုးရအနေနဲ့ ရိုဟင်ဂျာတွေ ကြုံနေရတာကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ခေါ်ဆိုဖို့ အရေးကြီးပုံကို ဆွေးနွေးခဲ့ကြပါတယ်။
အခုလမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်တာကြောင့် ရိုဟင်ဂျာ ရှစ်သိန်းလောက် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတာ သုံးနှစ်တင်းတင်းပြည့်ပေမယ့် အမေရိကန်အစိုးရဟာ ဒီဖြစ်ရပ်တွေကို လူမျိုးတုံးသတ်ဖြတ်မှုလို့ ခေါ်ဝေါ်ခြင်း မရှိသေးကြောင်းနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအရေး လုပ်ဆောင်နေတဲ့ Refugee International အဖွဲ့ကို ကိုယ်စားပြုပြီး ရိုဟင်ဂျာတွေ ကြုံနေရတဲ့ ဒုက္ခတွေကို လူမျိုးတုံးသတ်ဖြတ်မှု genocide လို့ အခြေအနေအမှန်အတိုင်း တရားဝင်သတ်မှတ်ခေါ်ဆိုဖို့ အမေရိကန်အစိုးရကို တိုက်တွန်းလိုကြောင်း အမေရိကန်ရုပ်ရှင် သရုပ်ဆောင် Sam Waterston က ပြောသွားတာ ဖြစ်ပါတယ်။
ဆက်လက်ပြီး Refugee International အဖွဲ့က ဒုက္ခသည်အရေးကျွမ်းကျင်သူ ဒန်နီယယ် ဆော်လဗန်က အခုကြုံနေရတဲ့ ဒုက္ခသည် အကြပ်အတည်းကို ဖြေရှင်းဖို့ အမေရိကန်အစိုးရအနေနဲ့ တစ်ခုတည်းနဲ့ အထိရောက်ဆုံး အမြန်ဆန်ဆုံး လုပ်ပေးနိုင်တာကတော့ ရိုဟင်ဂျာတွေ ကျူးလွန်ခံခဲ့ရတာဟာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ကြောင်း ဆုံးဖြတ်ပေးလိုက်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီလိုဆုံးဖြတ်လိုက်တဲ့အတွက် ပထမဆုံး မြန်မာအစိုးရကို တာဝန်ယူမှုရှိလာအောင် တွန်းအားပေးရာရောက်မယ်။ ဒုတိယက အလားတူ သတ်ဖြတ်မှုတွေ ထပ်မဖြစ်အောင် တားဆီးနိုင်မယ်။ တတိယက နိုင်ငံတကာရဲ့ အလေးထားအာရုံစိုက်မှုတွေ ရလာမယ်။ နောက်ဆုံးကတော့ ဒီဒုက္ခသည်တွေနဲ့ တသားတည်း ရှိကြောင်း ပြသရာရောက်မှာ ဖြစ်ပါတယ်လို့ သူက ပြောသွားပါတယ်။
ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရက်စမင် အူလာ၊ ကလည်း ၁၉၉၀ ခုနှစ် အစောပိုင်းကာလက မြန်မာအစိုးရရဲ့ ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်မှုတွေကြောင့် အသက်သုံးနှစ်အရွယ်မှာ ထိုင်းနိုင်ငံကို မိခင်နဲ့အတူ ထွက်ပြေးလာခဲ့တဲ့ အတွေ့အကြုံတွေကို မျှဝေခဲ့ပါတယ်။
ရိုဟင်ဂျာအရေးလှုပ်ရှားသူ မဝေဝေနုကလည်း ရိုဟင်ဂျာလူမျိုးဖြစ်တဲ့အတွက် မွေးရပ်မြေ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ထွက်ပြေးခဲ့ရပြီး၊ အသက် ၁၈နှစ် အရွယ်မှာ ဖခင်ဖမ်းဆီးထောင်ချခြင်းခံခဲ့ရတဲ့ အကြောင်းကို မျှဝေခဲ့ပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာတွေဟာ နိုင်ငံသားအဖြစ်ကရော၊ လူမျိုးစုတစ်စု အဖြစ်ကပါ ဖျောက်ဖျက်ခံထားရပြီး၊ အခြေခံ လူ့အခွင့်အရေးတွေ ကန့်သတ်ခံထားရပေမယ့်၊ ကမ္ဘာကြီးက လျှစ်လျူရှုထားတာခံခဲ့ရကြောင်း၊ ၂၀၁၇ ခုနှစ်မှာ အဆိုးဆုံး အခြေအနေတွေကို ကြုံတွေ့ခဲ့ရပေမယ့်၊ မြန်မာအစိုးရကို အရပ်သားအစိုးရဟာ လူမျိုးတုံးသတ်ဖြတ်မှုတွေကို အားပေးထောက်ခံတဲ့ မူဝါဒတွေ ဆက်လက် ကျင့်သုံးနေပြီး၊ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်တပ်ကို အကာအကွယ်ပေးနေခဲ့ကြောင်း၊ ရိုဟင်ဂျာတွေအပေါ် လွတ်လပ်စွာ သွားလာခွင့် ပိတ်ပင်ထားတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်း၊ ကျန်းမာရေး နဲ့ ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေကြောင်းနဲ့ လက်ရှိအချိန်မှာ ရိုဟင်ဂျာလူငယ်တွေဟာ ဆယ်တန်းစာမေးပွဲကို ဘာသာစုံဂုဏ်ထူးနဲ့ အောင်မြင်သူတွေ ရှိပေမယ့်၊ အဆင့်မြင့်ပညာရေးကို ဆက်လက်သင်ကြားခွင့် ကန့်သတ်ခံထားရကြောင်း မဝေဝေနုက ပြောသွားပါတယ်။
အမေရိကန်နိုင်ငံသားတွေအနေနဲ့လည်း ရိုဟင်ဂျာတွေကို သမိုင်းထဲက ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားခံနေရတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေကို အမှန်အတိုင်း ရှုမြင်ပြီး အကာအကွယ်ပေးကြဖို့ တောင်းဆိုလိုကြောင်း အမေရိကန်ရုပ်ရှင်သရုပ်ဆောင် Thomas Sadoski က ပြောသွားပါတယ်။