ရသေ့တောင်ဒေသခံ နှစ်ထောင်ကျော် စစ်တွေကို ထွက်ပြေး
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မိုးစဲကျွန်းမှာရှိတဲ့ ကူတောင်၊ ရွှေလောင်းတင်နဲ့ အဲဒီအနီးတဝိုက်က ဒေသခံနှစ်ထောင်လောက်ဟာ ဒီနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းမှာ စစ်တွေမြို့နဲ့ တခြားနီးစပ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်လာ ကြပါတယ်။
-
2020-09-23 -
-
-
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မိုးစဲကျွန်းမှာရှိတဲ့ ကူတောင်၊ ရွှေလောင်းတင်နဲ့ အဲဒီအနီးတဝိုက်က ဒေသခံနှစ်ထောင်လောက်ဟာ ဒီနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းမှာ စစ်တွေမြို့နဲ့ တခြားနီးစပ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။
ဒီနေ့ နေ့လယ်ပိုင်းကတည်းကစပြီး တပ်မတော်ဇက်ရေယာဉ်က မေယုမြစ်ထဲကနေ ဆက်တိုက်ပစ်ခတ်နေတဲ့အပြင်၊ ညနေပိုင်းမှာ ကူတောင်ရွာအနီး တပ်မတော်စစ်ကြောင်းတစ်ခုက သေနတ်ဖောက်ခဲ့တာကြောင့် ဒေသခံတွေ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်လာနေကြတာလို့ ထွက်ပြေးလာသူတွေကို အကူအညီပေးနေတဲ့ ကိုကျော်မင်းခိုင်က RFA ကိုပြောပါတယ်။
အဲဒီအနီးတဝိုက်မှာ ဒီနေ့တိုက်ပွဲဖြစ်တာမရှိဘဲ တပ်မတော်ဘက်က ပစ်ခတ်နေတာလို့လည်း သူကဆိုပါတယ်။
တပ်မတော်ဘက်က တိုက်ပွဲမရှိဘဲ ပစ်ခတ်နေတယ်ဆိုတဲ့ ကိစ္စကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းနိုင်ဖို့ RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အခုအချိန်ထိ လက်ခံဖြေကြားတာမရှိသေးပါဘူး။
ရသေ့တောင်မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း မေယုမြစ်ထဲမှာရှိတဲ့ တပ်မတော်ရေယာဉ်ကို ရက္ခိုင့်တပ်တော် AA ကတိုက်ခိုက်လို့ တိုက်ပွဲဖြစ်ရာကနေ ရွာတွေထဲကို လက်နက်ကြီးတွေကျပြီး ရွာသား ငါးထောင်လောက် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
စက်တင်ဘာလ ၁၅ ရက်နေ့က အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော်ရဲ့သတင်းထုတ်ပြန်ချက်မှာတော့ တပ်မတော်စစ်ရေယာဉ် ၃ စီးကို AA ဘက်က စတင်တိုက်ခိုက်တာကြောင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး တပ်မတော်သားတစ်ချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ AA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ရာမှာ တပ်မတော်စစ်ရေယာဉ်တွေပေါ်က တပ်မတော်သားတွေက ပြန်လည်ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အကြမ်းဖက်သောင်းကျန်းသူတွေက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ရေယာဉ်များပေါ်တွင်လိုက်ပါလာသည့် တပ်မတော်သားများက ပြန်လည်ပစ်ခတ်ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တပ်မတော်သားတချို့ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း ရွှေလောင်းတင်ရွာထဲ လက်နက်ကြီးတွေကျလို့ ရွှေလောင်းတင်ကျေးရွာသားတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားခဲ့ပါတယ်။