ပြည်ထဲရေးမှတ်ချက်အရ ကျောက်ဖြူကိုယ်စားလှယ်လောင်း ဦးဖိုးစံ ပယ်ဖျက်ခံရ
၂၀၂၀-ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့် ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားလှယ်လောင်း ဦးဖိုးစံကို ကိုယ်စား လှယ်လောင်းစာရင်းကနေ ပယ်ဖျက်လိုက်တာဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ တင်ပြချက်ကြောင့် ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထပ်မံ အတည်ပြုပြောဆိုပါတယ်။
-
သီဟထွန်း၊သက်စုအောင်
2020-09-02 -
-
-
၂၀၂၀-ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားလှယ်လောင်း ဦးဖိုးစံကို ကိုယ်စားလှယ်လောင်းစာရင်းကနေ ပယ်ဖျက်လိုက်တာဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ တင်ပြချက်ကြောင့် ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထပ်မံ အတည်ပြုပြောဆိုပါတယ်။
ANP ပါတီက ကိုယ်စားလှယ်လောင်း ဦးဖိုးစံရဲ့သားဟာ ရက္ခိုင့်တပ်တော် AA အဖွဲ့ထဲကို ရောက်ရှိနေတဲ့အတွက် ရွေးကောက်ပွဲဥပဒေပုဒ်မ-၁၀(ဎ)နဲ့ ငြိစွန်းတယ်ဆိုပြီး ကျောက်ဖြူခရိုင် ရွေးကောက်ပွဲကော်မရှင်က ဦးဖိုးစံကို ကိုယ်စားလှယ်လောင်းစာရင်းကနေ ပယ်ချခဲ့ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ဒီကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာနက ပေးပို့တဲ့ မှတ်ချက်ပေါ်မူတည်ပြီး၊ ဥပဒေအရ ဆုံးဖြတ်ခဲ့တာလို့ ဒီနေ့ နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
"ပထမတစ်ချက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အမိန့်စာအရဆိုတာတော့ မမှန်ဘူးပေါ့နော်၊ ဒါ သူတို့ဘာသာ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်းတင်သွင်းတဲ့အခါကျတော့ ပြည်ထဲရေးရဲ့ မှတ်ချက်တွေလည်း တောင်းပါတယ်။ အဲ့ဒီမှတ်ချက်တွေအရ ပြဋ္ဌာန်းဥပဒေတွေအရ ဆုံးဖြတ်လိုက်တာပေါ့နော် လက်ရှိ ကိုယ်စားလှယ်ဖြစ်နေပေမယ့်လို့ နောက်ဆုံးအခြေအနေတွေပေါ်မှာ ပြည်ထဲရေးဝန်ကြီးဌာနကလည်း ပြန်ကြားထားတယ်။ ဥပဒေပြဋ္ဌာန်းချက်ကလည်း သောင်းကျန်းသူနဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်လို့ဖြစ်စေ ဆက်သွယ်တဲ့ အကြောင်းအချက်တွေလည်း ပြဋ္ဌာန်းထားတယ် ဒီပြဋ္ဌာန်းချက်တွေနဲ့ ငြိနေလို့ အခုလိုပယ်လိုက်ခြင်းဖြစ်ပါတယ်"
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တိုက်ရိုက်အမိန့်နဲ့ ဦးဖိုးစံကို ပယ်ချလိုက်တယ်ဆိုတဲ့ ခရိုင်ကော်မရှင်ရဲ့ ပြောဆိုချက်အပေါ်မှာတော့ ဦးမြင့်နိုင်က ပြန်လည်ငြင်းဆိုသွားပြီး၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ မှတ်ချက်မှာ ဦးဖိုးစံအနေနဲ့ ဥပဒေနဲ့ ငြိစွန်းတယ်ဆိုတဲ့ အချက်ပါဝင်တာကြောင့် ကျောက်ဖြူခရိုင် ရွေးကောက်ပွဲကော်မရှင်ကသာ ဒီကိစ္စကို ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။
ကိုယ်စားလှယ်လောင်းစာရင်းကနေ ပယ်ချခံရတဲ့ ဦးဖိုးစံက AA အဖွဲ့ထဲကို ဝင်ရောက်နေတဲ့ သူ့ရဲ့ သားဖြစ်သူနဲ့ လုံးဝ အဆက်အသွယ်မရှိဘူးလို့ ပြောထားတဲ့အပေါ် ဘယ်လို ယူဆပါသလဲ လို့ RFA သတင်းဌာနက မေးမြန်းရာမှာ ဦးဖိုးစံအနေနဲ့ အဲဒီလို ပြောဆိုနေပေမယ့်၊ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ တင်ပြချက်မှာတော့ ဥပဒေနဲ့ ငြိစွန်းတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဦးမြင့်နိုင်က ရှင်းပြသွားပါတယ်။
ကိုယ်စားလှယ်လောင်းစာရင်းကနေ ပယ်ချခံခဲ့ရတဲ့ ဦးဖိုးစံကတော့၊ ကော်မရှင်က စွပ်စွဲသလို AA အဖွဲ့ထဲရောက်နေတဲ့ သားဖြစ်သူနဲ့ သူအဆက်အသွယ် လုံးဝမရှိဘူးလို့ ပြောပါတယ်။
"ကျတော်လည်း ဟိုဘက်ကိုပြောင်းသွားတဲ့ သားနဲ့ ဘာမှ အဆက်အသွယ်မရှိဘူး။ အဲ့ဒါကို ကျတော်ကို ယိုးစွပ်ပြီး ပြောနေတာရှိတယ်။ သူ ဟိုကိုရောက်တော့လည်း ဗွီဒီယိုဖိုင်တွေ တက်လာတယ်ဆိုတာလည်း ဟိုဘက်မှာ အဲ့ဒီအဖွဲ့က လုပ်လို့ တက်လာတာ။ ကျတော်နဲ့ ဘာမှ မပတ်သက်ဘူး။ ကျတော်နဲ့ ဖုန်းပြောဆိုတာတို့ စာနဲ့အဆက်အသွယ်ရှိတာတို့ ငွေပေးငွေယူ တစ်ဦးနဲ့တစ်ဦး ရှိတာတို့ ဘာမှ မရှိဘူး။ အဲ့ဒါကြောင့်မို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စုကော်မရှင်ကို ရေးထားတဲ့စာမှာလည်း ကျတော်ကို အဲ့လို တစုံတရာ ဆက်သွယ်လို့ရှိရင် ကျတော်အနေနဲ့ ကျသင့်တဲ့ ပြစ်ဒဏ်ကို ခံမယ်လို့ ဝန်ခံပြီးရေးထားတာရှိတယ်"
ဥပဒေကြောင်းအရ ငြိစွန်းလို့ အပြစ်ရှိရင် အရေးယူတာကို ခံရဲပေမယ့်၊ လက်ရှိလည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်နေတဲ့သူ့ကို လာမဲ့ရွေးကောက်ပွဲမှာ ထပ်မဝင်နိုင်အောင် ပယ်ချတယ်ဆိုတာဟာ ဂုဏ်သိက္ခာပိုင်းအရလည်း ထိခိုက်တယ်လို့ ဦးဖိုးစံက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မဲဆန္ဒရှင် ပြည်သူတွေကလည်း မေးခွန်းထုတ်တာတွေရှိလာတယ်လို့ ဦးဖိုးစံက RFA ကို ပြောပါတယ်။
ရခိုင်အမျိုးသားပါတီ ANP ကတော့ ဒီကိစ္စကို ဥပဒေကြောင်းအရဆက်လုပ်မယ်လို့ ပြောထားတယ်၊ တိုင်းရင်းသာပါတီ တစ်ခုက ကိုယ်စားလှယ်လောင်းတစ်ဦးကို ပယ်ချတာက ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ထိခိုက်နစ်နာမှုတွေရှိတယ်လို့ သူက ဆက်ပြောပါတယ်။
ဦးဖိုးစံအနေနဲ့ ငြိစွန်းတယ်ဆိုတဲ့ ပုဒ်မကတော့ - တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ - ၁ဝ (ဎ) ဖြစ်ပြီး တည်ဆဲဥပဒေတရပ်ရပ်အရ မတရားအသင်းအဖြစ်ကြေညာခံထားရတဲ့ အဖွဲ့အစည်း၊ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်တယ်လို့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ အဖွဲ့အစည်းနဲ့ပုဂ္ဂိုလ်တွေ၊ နိုင်ငံတော်ကို လက်နက်ကိုင် ဆန့်ကျင်နေတဲ့ သောင်းကျန်းသူအဖွဲ့အစည်းတွေ ဒါမှမဟုတ် အဲဒီအဖွဲ့အစည်းဝင်တွေနဲ့ ဆက်သွယ်ကြောင်း ခိုင်လုံတဲ့ အထောက်အထားရှိသူဟာရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ပိုင်ခွင့် မရှိစေရလို့ ပြဌာန်းထားတာပါ။
ဦးဖိုးစံဟာ ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ကနေ ရခိုင်အမျိုးသားပါတီ ANP ကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပြီး သူ့ကို ပယ်ချလိုက်တယ်ဆိုတာကို သြဂုတ်လ ၂၂ ရက်နေ့က ကျောက်ဖြူခရိုင် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက ခေါ်ယူအသိပေးခဲ့တာလို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကျောက်ဖြူခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်ထွန်းကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ “ပြည်ထဲရေးက မှတ်ချက်ပေးတဲ့ စာမိတ္တူနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဗဟိုက လာတဲ့ စာတွေအပေါ် မူတည်ပြီး ဆုံးဖြတ်လိုက်တာ” လို့ ပြောပါတယ်။
"ပြည်ထဲရေးက မိတ္တူရောက်တာပေါ့ ပြီးတော့ ဗဟိုကလည်း လာတာပေါ့ အဲ့ဒါ ဆုံးဖြတ်လိုက်တာ ပါ သူကတော့ နေပြည်တော်မှာတက်မယ်ပြောပါတယ်၊ အဲ့ဒါတော့ ကျတေ်ာတို့လည်း စာအရ သူ့ကို ခေါ်ပြောလိုက်ပါတယ် အစည်းအဝေးလုပ်ပြီးတော့လေ ဦးဖိုးစံကို"
ခရိုင်က ပယ်ချလိုက်တဲ့ကိစ္စကို ဗဟိုရွေးကောက်ပွဲကော်မရှင်က ပြန်လည်စဉ်းစားပေးမလားဆိုတာ သိနိုင်ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင် ကို RFA က ဖုန်းနဲ့အကြိမ်ကြိမ် ထပ်မံဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ်မရခဲ့ပါဘူး။
ရခိုင်ပြည်နယ်မှာ ဦးဖိုးစံလိုပဲ ကိုယ်စားလှယ်လောင်းအဖြစ် ငြင်းပယ်ခံရသူတွေထဲမှာ အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာကိုယ်စားလှယ်လောင်း ၅ ဦး ပါဝင်ပြီး၊ သူတို့ကိုတော့ မွေးဖွားချိန်မှာ မိဘတွေက နိုင်ငံသားမဟုတ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ခရိုင်ရွေးကောက်ပွဲကော်မရှင်ကနေ ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ ၅ ဦးကတော့ စစ်တွေခရိုင်က အစ္စလာမ်ဘာသာဝင်တစ်ဦးနဲ့ မောင်တောခရိုင်က လေးဦးတို့ ဖြစ်ပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်နေရာတွေအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် စကာတင် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆၉၆၉ ဦးရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ တရားဝင် ထုတ်ပြောလိုက်ပါတယ်။
ဒါ့ကြောင့် အခု ငြင်းပယ်ခံထားရတဲ့ ဦးဖိုးစံနဲ့ ရိုဟင်ဂျာမွတ်စလင် ကိုယ်စားလှယ်လောင်းတွေ ကိစ္စကို UEC က ပြန်လည်စဉ်းစားဖို့ ရှိမရှိဆိုတာ သိပ်ပြီး မသေချာလှပါဘူး။
ရခိုင်ပြည်နယ်အပါအဝင် တနိုင်ငံလုံးနီးပါးမှာ ကပ်ရောဂါကူးစက်သူ အရေအတွက် တိုးပွားလာပေမဲ့၊ ရွေးကောက်ပွဲကိုတော့ ရွှေ့ဆိုင်းဖို့အစီအစဉ်မရှိဘဲ၊ မူလသတ်မှတ်ထားတဲ့အတိုင်း ကျင်းပသွားမှာဖြစ်ပြီး မကျင်းပနိုင်တဲ့ ဒေသတွေကိုအောက်တိုဘာလမှာ ထုတ်ပြန်ကြေညာသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။