မဲရလဒ်တွေ အငြင်းပွားဖွယ်များစွာ ရှိနေကြောင်း USDP ဥက္ကဋ္ဌပြော

နိုဝင်ဘာလ(၈) ရက်နေ့မှာ ကျင်းပတဲ့ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲရလဒ်တွေမှာ အငြင်းပွားဖွယ်ရာတွေ များစွာ ရှိနေတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောလိုက်ပါတယ်။

၂ဝ၂ဝ ရွေးကောက်ပွဲမတိုင်ခင် ရှမ်းပြည်နယ်အတွင်း လှည့်လည်အင်အားပြခဲ့ကြသော USDP ပါတီထောက်ခံသူများ။ Photo: Kan Thar/RFA

နိုဝင်ဘာလ(၈) ရက်နေ့မှာ ကျင်းပတဲ့ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲရလဒ်တွေမှာ အငြင်းပွားဖွယ်ရာတွေ များစွာရှိနေတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောလိုက်ပါတယ်။

ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး ပြောကြားတဲ့ ဒီကနေ့ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

"မဲရေတွက်ခြင်းနဲ့ အနိုင်ရကိုယ်စားလှယ်၊ ရှုံးနိမ့်တဲ့ကိုယ်စားလှယ် စသဖြင့်ကြေညာနေတာမပြီးသေးပါဘူး။ အငြင်းပွားဖွယ်ရာမြောက်မြားစွာနဲ့ ဆက်လက်ဆောင်ရွက်နေဆဲပဲရှိပါသေးတယ်။ ဒါကြောင့် ဒီနေ့ထွက်ပေါ်နေတဲ့ရလဒ်တွေဟာ နောက်ဆုံးရလဒ်တွေမဟုတ်သေးဘူး။ အပြီးအပြတ်မဖြစ်နိုင်သေးဘူး။ မျှော်မှန်းတဲ့အဆင့်ထိရခြင်းမရခြင်းပေါ်  မဲပေးခဲ့တဲ့ဖြစ်စဉ်တွေဟာ ဥပဒေနဲ့ အညီဖြစ်၊မဖြစ်ဆိုတာ အငြင်းပွားဖွယ်ရာ မြောက်မြားစွာ ရှိခဲ့တယ်၊ ရှိနေဆဲ၊ ဆက်ပြီးတော့လည်း အထောက်အထားတွေ ထွက်နေတာမို့ ဒီခရီးဟာ မဆုံးနိုင်တဲ့ခရီးရှည်ဖြစ်မယ်လို့ တင်ပြချင်ပါတယ်"

နိုဝင်ဘာလ(၈) ရက်နေ့ ရွေးကောက်ပွဲနေ့ ကိုယ့်ပတ်ဝန်းကျင်မှာ မသမာမှုတွေဖြစ်ခဲ့တာရှိရင် USDP ပါတီကို သတင်းပေး တိုင်ကြားကြဖို့လည်း ဦးသန်းဌေးက တိုက်တွန်းလိုက်ပါတယ်။

''တရားမဲ့ပြုကျင့်မှု အထောက်အထားအားလုံးကို ကိုယ်သိရာ ကိုယ့်ဆီမှာပဲ သိမ်းမထားဘဲနဲ့ သက်ဆိုင်ရာနယ်မြေရာမှာရှိတဲ့ ပါတီရုံးတွေ ကိုယ်စားလှယ်လောင်းတွေဆီကို အထောက်အထားတွေ သက်သေခံချက်တွေကို ပို့ဖြစ်အောင်ပို့ပေးပါလို့ အထူးပဲ မေတ္တာရပ်ခံပါတယ်။ ကျနော်တို့ကို အားပေးထောက်ခံတဲ့ ပြည်သူလူထုလိုချင်တဲ့ ရလဒ်ဖြစ်အောင် ဥပဒေနဲ့ အညီဆက်လက်ဆောင်ရွက်သွားမယ်''

မဲပေးခွင့်ရှိတဲ့သူ စာရင်းထက် မဲလာပေးတဲ့သူတွေပိုများနေတာ၊ မဲရေတွက်မှု ပွင့်လင်းမြင်သာမရှိတာ၊ မဲရုံအနီး မဲဆွယ်တာ၊ မဲပေးရာမှာ အခက်အခဲဖြစ်ခဲ့တာ စတဲ့ အချက်အလက်တွေ ရှိထားရင် USDP ပါတီရုံးတွေကို အမြန်တိုင်ကြားကြဖို့လည်း ဒေသအလိုက် ပါတီရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ကြေညာထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြောခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ ရွေးကောက်ပွဲရဲ့ မဲရလဒ်ကို လက်မခံနိုင်ဘူးဆိုရင် စွပ်စွဲချက်သာဖြစ်မယ်လို့ပြောပါတယ်။

"ရွေးကောက်ပွဲဟာ တော်တော်လေးကို ပြဿနာ ကင်းကင်းရှင်းရှင်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်းပြီးသွားတဲ့ ရွေးကောက်ပွဲပါ။ ပြဿနာဖြစ်လောက်အောင် ထွေထွေထူးထူးမတွေ့ပါဘူး။ တခြားပါတီက တင်ပြရင်တော့ သူတို့တင်ပြတဲ့အခါကြမှ အကြောင်းအရာပေါ်မူတည်ပြီး စဉ်းစားရမှာပါ။ရွေးကောက်ပွဲတစ်ခုရဲ့ ရလဒ်ကို ပျက်ပြားစေနိုင်လောက်တဲ့ ကြီးမားတဲ့ပြဿနာမျိုးတွေတော့ သိပ်မတွေ့ပါဘူး။ ဒီရွေးကောက်ပွဲဟာ ရလဒ်လက်မခံနိုင်လောက်အောင် ဆိုးဆိုးရွားရွားကြီး တရားမျှတမှုမရှိဘူးလို့ပြောရင်တော့ ဒါဟာ သက်သက်စွပ်စွဲချက်ပဲဖြစ်ပါလိမ့်မယ်"

၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အစိုးရဖွဲ့နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အရေအတွက်၃၂၂ ယောက်ကို ကျော်လွန်သွားပြီလို့ ဒီကနေ့ ည(၆) နာရီမှာ NLD က ထုတ်ပြန်ထားပါတယ်။

---------------------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org