ရန်ကုန်အပါအဝင် ကိုဗစ်ကူးစက်မှုနှုန်းများတဲ့ဒေသတွေမှာ ရွေးကောက်ပွဲမကျင်းပဖို့ USDP တောင်းဆို
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းများနေတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့၊ ဒါမှမဟုတ် မကျင်းပဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က တောင်းဆိုလိုက်ပါတယ်။ အောက်တိုဘာလ ၂၆ ရက် နေ့စွဲနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။
-
စောဖိုးခွား
2020-10-27 -
-
-
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းများနေတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့၊ ဒါမှမဟုတ် မကျင်းပဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က တောင်းဆိုလိုက်ပါတယ်။ အောက်တိုဘာလ ၂၆ ရက် နေ့စွဲနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းအများဆုံးဖြစ်တဲ့ ရန်ကုန်ကို အဲ့ဒီအိတ်ဖွင့်ပေးစာမှာ အဓိကထောက်ပြ ပြောဆိုထားပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ...
"ရန်ကုန်တိုင်းမှာ ရွေးကောက်ပွဲ မကျင်းပဖို့ဆိုတာက တခြားရွေးကောက်ပွဲ မကျင်းပဘူးဆိုတဲ့ ဒေသတွေနဲ့ နှိုင်းယှဉ်ထိုးပြတာဖြစ်ပါတယ်။ ရန်ကုန်တိုင်းလို ရောဂါကူးစက်မှုနှုန်းများနေတဲ့ နေရာကို မကျင်းပတဲ့ နေရာတွေထဲမှာ ဘာလို့ ချန်လှပ်ထားသလဲဆိုတာကို နှိုင်းယှဉ်ပြထားတာပါ။ ရန်ကုန်တိုင်းဟာ ကူးစက်မှုနှုန်း မြင့်မားနေတဲ့နေရာ ဖြစ်တယ်လေ။ ဒီမြင့်မားနေတဲ့နေရာကို ရွေးကောက်ပွဲကျင်းပမယ်ဆိုရင်လည်း ပြည်သူလူထုအတွက် မဲပေးမယ့် မဲဆန္ဒရှင်တွေအတွက် ကျန်းမာရေးလုံခြုံမှု၊ မဲရုံတာဝန်ထမ်းဆောင်သူတွေအတွက် ကျန်းမာရေး အာမခံချက်ကို ဘယ်လိုကာကွယ်ထားလဲ ဘယ်လိုဆောင်ရွက်ထားသလဲဆိုတာ ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာချပြသင့်တယ်"
ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ်တွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းများနေတဲ့ ရန်ကုန်တိုင်းမပါဝင်ဘဲ တိုက်ပွဲမရှိသလောက်နည်းတဲ့ တိုင်းရင်းသားဒေသတွေကို ထည့်သွင်းထားတယ်လို့လည်း USDP က ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာဖော်ပြထားပါတယ်။ အလားတူ လက်နက်ဘေးကျရောက်နေတဲ့ ဒေသတွေမှာလည်း ရွေးကောက်ပွဲမကျင်းပဖို့နဲ့ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားတဲ့မြို့နယ်တွေမှာ အန္တရာယ်ကင်းကင်း မဲပေးနိုင်ရေး ဘယ်လိုတွေ ဆောင်ရွက်ထားလဲဆိုတာကို သတင်းထုတ်ပြန်ပေးဖို့ကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို USDP ပါတီက တောင်းဆိုထားတာပါ။
လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ ….
"ကိုဗစ်ကြောင့် လူပေါင်း ၂၄ သန်းကူးစက်ပြီး ၂ သိန်းလောက်သေထားတဲ့ အမေရိကန်နိုင်ငံမှာတောင်မှ ရွေးကောက်ပွဲကို ကျင်းပတော့မှာပါ၊ အခုလည်း ကမ္ဘာ့နိုင်ငံအဆင့်အတန်းတွေနဲ့ပြောရင် ကျနော်တို့ အဆင့်အတန်းမြင့်မြင့်နဲ့ကို ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်ထားပါတယ်။ ကိုဗစ်ကြောင့် မကျင်းပဘူးဆိုတာကတော့ ပြောတဲ့သူရဲ့ ဆန္ဒအတိုင်းပဲ ဖြစ်ပါတယ်။ လက်တွေ့မှာတော့ လက်တွေ့မကျပါဘူး။ လုံခြုံရေး အခြေအနေအရတော့ မကျင်းပတဲ့အကြောင်းတွေထဲမှာ တပ်မတော်ရဲ့ အကြံပေးချက်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အကြံပေးချက်၊ အဲ့ဒီဒေသမှာရှိတဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ အကြံပေးချက်တွေပေါ်မှာ မူတည်ပြီး ဆုံးဖြတ်တာလို့ ကော်မရှင်က ပြောပါတယ်။ အဲ့ဒီတော့ အကြံပြုထားတဲ့အချက်တွေကို မသိဘဲနဲ့ မှန်းဆပြီး ကျနော်တို့ ဘာမှတ်ချက်မှ မပေးလိုပါဘူး"
ရခိုင်ပြည်နယ်က မြို့နယ် ၉ မြို့နယ်၊ ရှမ်းပြည်နယ်က မြို့နယ် ၆ မြို့နယ် အပါအဝင် ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းထဲက ရပ်ကွက်နဲ့ ကျေးရွာတော်တော်များများမှာ ရွေးကောက်ပွဲ ကျင်းပမှာမဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ(၁၆) ရက်နေ့မှာကြေညာထားတာပါ။
ဒီလိုရွေးကောက်ပွဲ မကျင်းပနိုင်တာကြောင့် တိုင်းရင်းသားလူမျိုးစုတွေရဲ့ မဲအင်အား သန်းချီဆုံးရှုံးတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကပြောထားပါတယ်။
ရန်ကုန်အပါအဝင် ကိုဗစ် ၁၉ ရောဂါကူးစက်မှုနှုန်းများနေတဲ့ဒေသတွေမှာ ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့၊ ဒါမှမဟုတ် မကျင်းပဖို့ USDP ပါတီရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တုန့်ပြန်ချက်ကို ရနိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကျော်မိုးကြည်ကတော့ ရန်ကုန်တိုင်းထဲက နေရာတချို့မှာ တိုးချဲ့မဲရုံတွေ စီစဉ်ထားတယ်လို့ RFAကို ပြောပါတယ်။
“စလုပ်ကတည်းက မဲရုံတွေမှာ မဲပေးမယ်သူ တစ်ထောင်ထက် မကျော်အောင် မဲပေးမယ့်အင်အားကို တွက်ထားတယ်။ ဒီရပ်ကွက်မှာ လူ ငါးထောင်ရှိတယ်ဆိုရင် မဲရုံ ငါးရုံဖြစ်ရမှာပေါ့။တကယ်လို့ အရင်တုန်းက လူ ငါးထောင်ကို မဲရုံ သုံးရုံပဲလုပ်ထားရင် အနည်းဆုံး တစ်ထောင်အထက် မကျော်အောင် ငါးရုံအထိဖြစ်အောင် ထပ်ချဲ့ထားတာပေါ့၊ တချို့နေရာတွေမှာတော့ ယာယီမဲရုံတွေ လုပ်မှာပေါ့”
လက်ရှိမြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံထားရသူ စုစုပေါင်း ၄၇၆၀၀ ကျော်ရှိပြီးတော့ သေဆုံးသူ ၁၁၄၀ ကျော်ရှိပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ မနေ့ကထုတ်ပြန်ချက်အရ မနေ့ကတစ်ရက်တည်းမှာတင် ရန်ကုန်မှာ ကူးစက်ခံရတဲ့သူ ၁၁၅၆ ယောက်ရှိပါတယ်။ ရန်ကုန်တိုင်းမှာ ရောဂါကူးစက်ခံရသူ အများဆုံးရှိတာပါ။
အခုရက်ပိုင်းရန်ကုန်မှာ ရောဂါကူးစက်မှုနှုန်း အနည်းငယ် ပြန်ထိန်းနိုင်ပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုကို ပြောတဲ့ ကပ်ရောဂါကာကွယ်ရေး လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်တဲ့မိန့်ခွန်းမှာ ပြီးခဲ့တဲ့ သောကြာနေ့က ထည့်သွင်းပြောကြားခဲ့ပါတယ်။
ရန်ကုန်နဲ့ ရခိုင်အပါအဝင် တချို့မြို့နယ်တွေမှာ ထုတ်ပြန်ထားတဲ့ မလိုအပ်ဘဲ အိမ်ပြင်မထွက်ရ stay-at-home အမိန့်ကို လာမယ့် နိုဝင်ဘာလ (၈) ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်နေ့အတွက် ပယ်ဖျက်ပေးမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။
-------------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)